ဂရစ်ဖင်းဆိုတဲ့ ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်ဟာ အနုပညာဘက် အထူးသဖြင့် ပြဇာတ်သရုပ်ဆောင်ဘက်ကို အလွန်ဝါသနာပါတဲ့ဆယ်ကျော်သက်ကလေးတစ်ယောက်ဖြစ်ပါတယ်။ သူဟာငယ်စဉ်ကတည်းက ဝတ္ထုတွေကို အရမ်းသဘောကျပြီး သူငယ်ချင်းတွေနဲ့အတူတူ သရုပ်ဆောင်တမ်းကစားနေကျဖြစ်ပါတယ်။ ဒီလိုနဲ့ ဆယ်ကျော်သက်အရွယ် အလယ်တန်းကျောင်းသားဖြစ်လာတဲ့အချိန်တိုင်အောင် တခြားကလေးတွေလို သမီးရည်းစားကိစ္စတွေ အပျော်အပါးကိစ္စတွေ မရှိလာဘဲ သူဝါသနာပါတဲ့ပြဇာတ်ဇာတ်ညွှန်းရေး သရုပ်ဆောင်တဲ့ဘက်ကိုပဲ တစိုက်မတ်မတ်လုပ်နေသူဖြစ်ပါတယ်။ ဒီလိုနဲ့ နွေရာသီတစ်ခုရောက်တဲ့အခါမှာ ဂရစ်ဖင်းတစ်ယောက် သူထင်ထားသလိုမျိုး ငယ်ငယ်တုန်းကလို သူငယ်ချင်းတွေက သူ့ကို အချိန်မပေးနိုင်ဖြစ်လာတာကိုသိလာတဲ့အချိန်မှာတော့ ဘဝရဲ့လောကဓံနိယာမတွေကို တဖြည်းဖြည်းနဲ့သိစပြုလာပါတော့တယ်။