ဒီရုပ်ရှင်ဟာ ဂျပန်စာရေးဆရာကြီး Hyakken Uchida ရဲ့ ဘဝအကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းက ဆရာကြီး Uchida နဲ့ သူ့ရဲ့ တပည့်ဟောင်းတွေကြားကသံယောဇဉ်ကို အဓိကထား တင်ဆက်ထားပါတယ်။ဒုတိယကမ္ဘာစစ်ကာလအတွင်း ပါမောက္ခကြီး Uchida ဟာ စာရေးဆရာအဖြစ် အာရုံစိုက်ဖို့အတွက် တက္ကသိုလ်ကနေ အနားယူလိုက်ပါတယ်။ သူ့ရဲ့ တပည့်ဟောင်းတွေက ဆရာ့ကိုအရမ်းချစ်ခင်လေးစားကြပြီး နှစ်စဉ်နှစ်တိုင်း ဆရာ့မွေးနေ့မှာ "Mahda-kai" (မပြီးသေးဘူးလား) ဆိုတဲ့ ပါတီပွဲလေး ကျင်းပပေးလေ့ရှိပါတယ်။ဒီပွဲမှာ တပည့်တွေက "Mahda-kai?" (အဆင်သင့်ဖြစ်ပြီလား/ သေဖို့ အဆင်သင့်ဖြစ်ပြီလား) လို့ မေးကြတဲ့အခါ ဆရာကြီးက ခွက်ကြီးကြီးနဲ့ ဘီယာကိုမော့ပြီး "Madadayo!" (မပြီးသေးဘူးကွ /မသေနိုင်သေးဘူး) လို့ ပြန်ဖြေလေ့ရှိပါတယ်။ ဒီစကားလုံးက ရုပ်ရှင်ရဲ့ အသက်သွေးကြောပါပဲ။ ဘဝကို အရှုံးမပေးဘဲ ရှင်သန်နေထိုင်လိုစိတ်ကို ဖော်ညွှန်းနေတာပါ။ဒီကားမှာ ဆရာတစ်ယောက်အပေါ်ထားတဲ့ တပည့်တွေရဲ့ ရိုသေမှုနဲ့ တပည့်တွေအပေါ်ထားတဲ့ ဆရာ့ရဲ့ မေတ္တာကို အင်မတန် နွေးထွေးစွာ မြင်တွေ့ရမှာပါ။ ဆရာကြီး အိမ်မီးလောင်သွားတဲ့အခါ၊ဒါမှမဟုတ် ဆရာကြီးရဲ့ ကြောင်လေး ပျောက်သွားတဲ့အခါ တပည့်တွေက ဝိုင်းဝန်းကူညီကြပုံတွေက အရမ်းကို ကြည်နူးစရာ ကောင်းပါတယ်။စစ်ပွဲတွေ၊ အိုမင်းမစွမ်းဖြစ်မှုတွေနဲ့ကြုံတွေ့ရပေမယ့် ဘဝကို အကောင်းမြင်စိတ်နဲ့ ရယ်မောပျော်ရွှင်စွာ ဖြတ်သန်းသွားတဲ့ ဆရာကြီးရဲ့ စိတ်ဓာတ်ခွန်အားကို ရရှိစေနိုင်ပါတယ်။