မြေတိုက်တစ်ခန်းမှာ ကလေးတသိုက်နဲ့ အထိန်းတော်တစ်ယောက် ဗုံးမိုး ခိုနေကြတဲ့ တစ်ခန်းစာပါပဲ။ ကိုယ်တိုင်ကြောက်တာထက် ကိုယ်ကြောက်နေတာကို သိသွားမှာ ပိုကြောက်ရတဲ့အဖြစ်က မှိုဟင်းစားရင်း ငရုတ်သီးစပ်တဲ့အဖြစ်ပဲဗျ။ အမူအယာကိုဖုံးဖိရင်း တဂျိမ်းဂျိမ်းကျနေတဲ့ ဗုံးသီးတွေအောက်မှာ မတစ်ထောင်သားသမီးတွေကို ပုံပြင်ဖတ်ပြရနေရတဲ့ အပျိုရည်တောင် မပျက်လောက်သေးတဲ့ ကောင်မလေးက ရဲရင့်တယ်ခေါ်မလား။ ကြံရာမရ ကောက်ရိုးတစ်မျှင်ဆွဲတယ် ခေါ်မလား။ ပုံပြင်ဆိုတော့ ပုံကို လိုအပ်သလို ပြင်ထားတာဖြစ်မှာပေါ့။ အကောင်းနဲ့အဆိုး တိုက်ခိုက်ကြတဲ့အခါ အကောင်းကပဲ နိုင်လေသတည်းတဲ့။ စာအုပ်ထဲကထွက်လာတဲ့ မှော်ပရိုဂျက်တာမှာ မှော်ဆန်တဲ့ ကကွက်တွေ ပုံဖော်၊ အံ့မခန်းတဲ့ နောက်ခံဂီတကတော့ အဖန်တရာ ဖန်အပ်သော ဝါဂွမ်းကို အဖန်တရာစစ်အပ်သော ဆီထဲနှစ်သကဲ့သို့ပေါ့။ ဘဲလေးအကကြိုက်သူတွေကတော့ ရတနာပုံဆိုက်တာပဲဗျာ။