ဒီဇာတ်လမ်းက Titleကို ကြည့်ရင် မင်းသမီးကို ပွေရှုပ်တဲ့ဇာတ်ကောင်လို့ ထင်ကောင်းထင်နိုင်ပေမဲ့တကယ်တော့ ယွန်ဟီးဆိုတဲ့ ကောင်မလေးရဲ့ ဆိုးရွားတဲ့တစ်နေ့တာကို ပုံဖော်ပြထားတဲ့ဇာတ်လမ်းလေးပါ။သရုပ်ဆောင်ဖြစ်ဖို့ လေ့ကျင့်နေတဲ့ ယွန်ဟီးတစ်ယောက် ချစ်သူကောင်လေးနဲ့ တွေ့ဖို့သွားတဲ့လမ်းမှာယောက်ျားလေး နှစ်ယောက်နဲ့ ဆုံခဲ့ရပါတယ်။တစ်ရက်တည်းမှာတင်ယောက်ျားလေးသုံးယောက်နဲ့ တွေ့ဆုံခဲ့ပြီး တစ်ယောက်ချင်းစီအလိုက်သူ့ရဲ့ပုံစံက ပြောင်းလဲနေခဲ့တာပါ။ နွေးထွေးပြီးနူးနူးညံ့ညံ့နေတတ်တဲ့ မိန်းကလေးလည်းဖြစ်သွားတတ်သလိုတည်ငြိမ်ရင့်ကျက်တဲ့ မိန်းကလေးအဖြစ်လည်း ပြောင်းလဲသွားတတ်တဲ့အပြင် ယောက်ျားဆန်ပြီး စိတ်မရှည်တတ်တဲ့ ပုံစံလည်း ရှိနေပါသေးတယ်။ယွန်ဟီး ကြုံတွေ့ရသမျှကဟန်ဆောင်မျက်နှာဖုံးတွေနဲ့ သရုပ်ဆောင်နေခဲ့ရတဲ့ နေ့တစ်နေ့ပါပဲ။အဲဒီထဲမှာမှ သူတွေ့ခဲ့ရတဲ့ ဂျပန်စာရေးဆရာ ရိုဟေးကလည်း ယွန်ဟီးနဲ့မခြားမနားပါပဲ။သူ့ရဲ့တစ်နေ့တာကလည်းပရမ်းပတာတွေနဲ့ ဆိုးရွားနေခဲ့တာပါ။တစ်နေ့တာရဲ့ အဆုံးသတ်မှာ မျိုးစုံကြုံတွေ့ခဲ့ရပြီးမှ သိလာရတဲ့ ရိုဟေးရဲ့ စိတ်ကူးထဲကဇာတ်သိမ်းက ဒီဇာတ်လမ်းရဲ့ အဆုံးသတ်ဆိုတာပါပဲ။ဒီကားရဲ့ဒါရိုက်တာက IUရဲ့ Persona ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာပါ။ သူရိုက်ကူးသမျှကရိုးရှင်းပေမဲ့ နက်နဲတာတွေချည်းပဲဆိုတော့ ဒီကားကလည်း ကြည့်နေရင်းကိုယ်ပုံဖော်ချင်တဲ့ဇာတ်သွားအတိုင်း တွေးကြည့်ရမဲ့ကားဆိုတော့ ဘာမက်ဆေ့ချ်ကို ပေးချင်လဲဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုခံစားရင်း အဖြေရှာကြည့်ဖို့ အကြံပြုပေးချင်ပါတယ်။