The Station Agent FHD

The Station Agent

Comedy Drama FHD 2003-12-05 7.356 88 Min

အရစ္စတိုတယ်ရဲ့ အဆိုအမိန့်တစ်ခုမှာ လူဟာ ပေါင်းသင်း ဆက်ဆံရေး သတ္တဝါပါတဲ့။လူတိုင်းဟာ မတူညီတဲ့တိုက်ပွဲတွေကို ကိုယ့်ပုံစံနဲ့ကိုယ်ဆင်နွှဲနေကြရလို့ ပင်ပန်းအားငယ်လာချိန်မှာစကားတွေကို ဝေဖန်မှုမရှိ နားထောင်ပေးမဲ့သူတစ်ယောက်၊ ပြင်ဆင်မရတဲ့ ကိုယ့်ဖြစ်တည်မှုကို ‌ဝေဖန်ပိုင်းဆစ်မှုမရှိ ပကတိအတိုင်း လက်ခံမဲ့သူတစ်ယောက်၊ ကိုယ့်စိတ်ရဲ့ နာကျင်ခံစားရမှုအတိုင်းအတာကို တန်ဖိုးလျှော့ချမှုမရှိဘဲ နားလည်ပေးမဲ့သူတစ်ယောက်တော့ ဘဝမှာလိုကြစမြဲတဲ့လေ။လူအဖွဲ့အစည်းနဲ့ ဝေးဝေးနေချင်ကြသူတိုင်းမှာ ကိုယ့်စိတ်ကိုနားလည်ပေးမဲ့သူတစ်ယောက်ကိုတောင်းတနေတဲ့ မသိစိတ်လည်း ကိန်းအောင်းနေတတ်လေ့ရှိစမြဲပဲမလား။ယခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ပြဿနာကိုယ်စီနဲ့ လူ ၃ ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊လူမှုဆက်ဆံရေးဆိုင်ရာ အခက်အခဲတွေ အထီးကျန်ဆန်မှုတွေနဲ့ နားလည်မှုရှိတဲ့ ပေါင်းသင်းဆက်ဆံရေးရဲ့ အရေးပါမှုတွေကို ဖော်ထုတ်တင်ဆက်ထားပြီး သိမ်သိမ်မွေ့မွေ့ကြည့်ရှုရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။လူပုကလေးတစ်ယောက်ဖြစ်သူ ဖင်းဘားဟာ မိတ်ဆွေဟင်နရီနဲ့အတူ နေထိုင်သူတစ်ဦးဖြစ်ပြီးဟင်နရီကွယ်လွန်တဲ့ အခါမှာတော့ နယူးဂျာစီပြည်နယ်အတွင်းက မီးရထားစက်ပြင်ရုံဟောင်းရှိရာမြေဧကဝက်ကို အမွေရရှိခဲ့ပါတယ်။လူပုကလေးတစ်ယောက်ဖြစ်နေသူအဖို့ သာမန်လူတို့ရဲ့ လှောင်ပြောင်သော၊ နှိမ့်ချသော၊ စက်ဆုပ်သော၊ သနားသော၊ ကရုဏာသက်သော စသည့်အမျိုးစုံသော စကားများ အကြည့်များကို ငြီးငွေ့နေပြီး၊သာမန်လူတစ်ယောက်အဖြစ်သာ မြင်လိုခွင့်ကို အရေးမစိုက်ပေးသော လူအများနဲ့ ဝေးဝေးနေရန် အတွက်၊ မိတ်ဆွေထံမှ အမွေရသော ရထားစက်ပြင်ရုံဟောင်းဆီသို့ပြောင်းရွှေ့လာခဲ့ပါတယ်။ရထားစက်ပြင်ဟောင်းအနီး ဟော့ဒေါ့ရောင်းချသူ ဂျိုးဟာတော့ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူဖြစ်ပြီး ကျန်းမာရေးချို့တဲ့သူ ဖခင်နှင့်အတူ ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသူတစ်ယောက်ဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲ အရာရာကို စိတ်ကုန်ခမ်းနေသယောင် မျက်နှာထားနဲ့ အိုလစ်ဗီယာဟာဂျိုးရဲ့ ဖောက်သည်ဖြစ်နေပါတယ်။တစ်ရက် ဖင်းဘားတစ်ယောက် လမ်းလျှောက်လာစဉ် လမ်းဘေးတစ်နေရာမှာအိုလစ်ဗီယာ ကားနဲ့တိုက်မိမလိုဖြစ်ကာ ၎င်းတို့ ၃ ယောက် အချင်းချင်းသိကြဖို့ ဖြစ်လာပြီးမတူညီတဲ့ အခက်အခဲကိုယ်စီနဲ့ အထီးကျန်နေသူ သူစိမ်းပြင်ပြင် ၃ ယောက်တို့ ပတ်သက်ဆက်နွယ်ဖို့ ဖြစ်လာခဲ့ကြပါတော့တယ်။ဒီကားဟာ အနုပညာလောကမှာ အော်စကာဆုအပါအဝင်ထူးချွန်ဆုများစွာသိမ်းပိုက်ထားတဲ့ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ Tom McCarthy ရဲ့ ပထမဆုံးပွဲဦးထွက်ရုပ်ရှင်ကားပဲဖြစ်ပါတယ်။BAFTA အကောင်းဆုံးဇာတ်ညွှန်းဆုရရှိခဲ့ပြီး ရုပ်ရှင်ဝေဖန်ရေးဆရာများအကြားအပေါင်းလက္ခဏာဆောင်ခဲ့တဲ့ရုပ်ရှင်ဖြစ်ကာ Tom McCarthy ရဲ့ အနုပညာအရည်အသွေးကို ပရိသတ်နဲ့မိတ်ဆက်ပေးခဲ့တဲ့ ကားဆိုရင်လည်း မှားမှာမဟုတ်ပါဘူး။စိတ်နှလုံးထိခိုက်ဖွယ်ရာ ဘဝများကို ပြုံးချင့်စဖွယ် အနုပညာမြောက်စွာ ရိုက်ကူးတင်ဆက်ထားတဲ့ကားလေးဖြစ်လို့ ရုပ်ရှင်ချစ်မြတ်နိုးသူ ပရိသတ်များ လက်လွှတ်မခံသင့်တဲ့ ကားလေးဖြစ်ကြောင်းညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။