ဇာတ်လမ်းကတော့ ၁၉၆၀ ခုနှစ်တွေမှာ စလိုဗေးနီးယားရွာလေးတစ်ရွာမှာ ဇာတ်အိမ်တည်ထားပါတယ်။ဘောလ်ကန်ကျေးလက်ရှုခင်းများနဲ့ စလိုဗေးနီးယားရိုးရာကျေးလက်မင်္ဂလာဆောင်တစ်ခုကို တွေ့မြင်ရမှာဖြစ်ပြီး ပါးစပ်က ဘုရား၊ ဘုရား လက်က (ဒီဇာတ်ကားမှာတော့ လက်ကမဟုတ်ပါ) ကားယားကားယား လုပ်ကြပုံကတော့ ကမ္ဘာရဲ့ဘယ်နေရာမှာမဆို ဘယ်ဘာသာဝင်တွေမှာမဆိုမြင်ရတတ်တယ် ဆိုတာ သက်သေခံပါလိမ့်မယ်။ဇာတ်အဖွင့်ကတော့ ဘော့စ်နီးယားကနေ လာရောက်အလုပ်လုပ်တဲ့ နေ့စားအလုပ်သမလေးယန်ညာ (Luna Pilic)ကို သူ့အလုပ်ရှင် မြေပိုင်ရှင်သူဌေး မာကို (Nikola Djuricko)က သူ့ရဲ့တစ်ဦးတည်းသောသားနဲ့ လက်ထပ်ပေးဖို့ ကမ်းလှမ်းလာပါတယ်။ဘာကြောင့် ဒီလို လုပ်ရတာလဲ၊နောက်ကွယ်က အကြောင်းရင်းတွေက ဘာဖြစ်မလဲ၊ ယန်ညာရဲ့ ဘဝလေးကရော သာယာသွားနိုင်ပါ့မလား ဆိုတာကို ဆက်လက်ရှုစားကြပါ။ အပြောအဆိုတစ်ချို့နဲ့ကိုယ်တီးလုံးမြင်ကွင်းတစ်ချို့၊ လိင်ဆက်ဆံခန်းတစ်ချို့ ပါဝင်လို့ ကြည့်ရှုသူများဆင်ခြင်သင့်ပါတယ်။