“Mr Burton” ရုပ်ရှင်ကတော့ ဝေလက ကမ္ဘာကျော်သရုပ်ဆောင် ရစ်ချတ်ဘာတန်ရဲ့ အစောပိုင်းဘဝဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပြီး သူ့ရဲ့ဆရာဖြစ်တဲ့ဖိလစ်ဘာတန်နဲ့ အထူးဆက်ဆံရေးကို အဓိကရိုက်ကူးပြထားပါတယ်။မူလအမည် ရစ်ချတ်ဂျင်ကင်းစ်ဖြစ်တဲ့ လူငယ်လေးဟာ ဝေလဒေသမှာရှိတဲ့ မိုင်းလုပ်သားမိသားစုကနေကမ္ဘာကျော်သရုပ်ဆောင်တစ်ဦးအဖြစ် ကူးပြောင်းလာပုံကို ကြည့်ရှုရမှာဖြစ်ပါတယ်။၁၉၄၂ ခုနှစ် တာလ်ဘော့ဆိပ်ကမ်းမှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ဖိလစ်ဘာတန်ဟာရစ်ချတ်ရဲ့သရုပ်ဆောင်ဉာဏ်ရည်ကို သတိထားမိပြီး အင်္ဂလိပ်စကားပြောအသံထွက်မှန်ကန်စေဖို့လေ့ကျင့်ပေးတာ၊ဝေလအသံထွက်ကို ပြုပြင်ပေးတာတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။ရစ်ချတ်ရဲ့ဖခင်က အရက်သမားဖြစ်ပြီး သားကို ဂရုစိုက်မစိုက်တော့တာကြောင့် ဖိလစ်ဘာတန်ဟာ ရစ်ချတ်ကိုတရားဝင်မွေးစားရင်း နာမည်ကိုပါ ဘာတန်လို့ ပြောင်းလဲပေးခဲ့ပါတယ်။ရုပ်ရှင်မှာ ရစ်ချတ်ဘာတန်ရဲ့ ပညာရေးနဲ့အနုပညာခရီးကို အဓိကပြသထားပြီး ဖိလစ်ဘာတန်ရဲ့စေတနာနဲ့ရစ်ချတ်ရဲ့ပါရမီကို ဘယ်လိုဖော်ထုတ်ပေးခဲ့တယ်ဆိုတာကို အလေးပေးဖော်ပြထားပါတယ်။“Mr Burton” ရုပ်ရှင်ဟာ ကမ္ဘာကျော်သရုပ်ဆောင်တစ်ဦးရဲ့မဖော်ပြရသေးသောအစောပိုင်းဘဝဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ရာ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီးပညာရေးနဲ့ ဆရာ-တပည့်ဆက်ဆံရေးရဲ့ အရေးပါမှုကို မီးမောင်းထိုးပြထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ရုပ်ရှင်ကို ၂၀၂၅ ခုနှစ် ဧပြီလ ၄ ရက်နေ့က ဗြိတိန်ရုပ်ရှင်ရုံတွေမှာ စတင်ပြသခဲ့ပြီး ရစ်ချတ်ဘာတန်ရဲ့မွေးနေ့ နှစ်၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ်ရိုက်ကူးထားတာဖြစ်ပါတယ်။