ဖိလစ်ပိုင်တွေရဲ့ ရိုးရာအယူအဆတစ်ခုရှိတယ်..လူတစ်ယောက်သေသွားပြီးတဲ့နောက်မှာ သူ့ရဲ့အရိုးပြာတွေထဲမှာ အရိုးစိမ်းလေးတစ်ခုတွေ့ရတယ်ဆိုရင် အဲ့ဒီလူဟာ ဘဝတစ်လျှောက်မှာကောင်းတဲ့အရာတွေလုပ်ပြီး ရှင်သန်ခဲ့တဲ့သူပဲတဲ့..လူကောင်းတစ်ယောက်ပဲတဲ့..။Green Bones ဆိုတဲ့ ဒီဇာတ်ကားကလည်း ဒီအယူအဆထဲမှာပါတဲ့ အရိုးစိမ်း(Green Bone)ဆိုတာကို အစွဲပြုပြီး နာမည်ပေးထားတာဖြစ်ပါတယ်။ကျွန်တော်တိုတွေလူတစ်ယောက်အကြောင်းကို ကြားလိုက်တာနဲ့ အဲ့လူဟာ ဘယ်လိုလူပါဆိုပြီး တန်းပြီးဆုံးဖြတ်လိုက်တဲ့ လုပ်ရပ်မျိုးဟာတစ်ခါတလေမှာ အကြီးအကျယ်မှားယွင်းတဲ့ လုပ်ရပ်တစ်ခုဖြစ်သွားနိုင်ပါတယ်။အခုလို သတင်းအချက်အလက်စီးဆင်းမှုမြန်ဆန်လွန်းတဲ့ ခေတ်ကြီးမှာပိုတောင်ဆိုးပါသေးတယ်။သတင်းတစ်ပုဒ်..စာတစ်ပုဒ်.. လူတစ်ယောက်ရဲ့ဇာတ်လမ်း.. ဒါကိုဖတ်လိုက်တာနဲ့ တန်းပြီး အမှန်လိုမယူဆသင့်ပါဘူး။တခြားသော အထောက်အထားတွေရှာတာ.. တခြားသူတွေကရော ဒီအကြောင်းအရာအပေါ်မှာဘယ်လိုပြောနေကြလဲဆိုတာ နားထောင်သင့်ပါတယ်။နားတစ်ဖက်ထဲနဲ့ နားထောင်တဲ့အခါမှာ ကိုယ်မကြားနိုင်တဲ့.. ကိုယ်မနိုင်တဲ့တစ်ဖက်မှာ အမှန်တရားရှိနေနိုင်ပါတယ်။ကိုယ်သိထားတာကြီးကလည်းအမှားကြီးဖြစ်နေနိုင်ပါတယ်။ဇာတ်လမ်းအကျဉ်းပြောရရင် စိတ္တဇဒွန်လိုခေါ်တဲ့ လူတစ်ယောက်က သူ့ညီမအရင်းကိုလည်း သတ်ခဲ့တဲ့အပြင်..ကောလဟာလတွေအရ သူ့ညီမရဲ့ သမီးလေး..သူ့တူမလေးကိုပါ သတ်ပြီး မြစ်ထဲမျော..အလောင်းဖျောက်ခဲ့တဲ့ သွေးအေးလူသတ်သမားတစ်ယောက်ပေါ့။သူ့တူမလေးရဲ့ အလောင်းကို မြစ်ထဲပစ်ချခဲ့တဲ့ တံတားပေါ်မှာပဲ သူ့ကိုဖမ်းမိခဲ့ပါတယ်။ဖမ်းမိခဲ့တဲ့အချိန်မှာ သူက စိတ်ရူးဖောက်နေသလိုမျိုးခြေဟန်လက်ဟန်တွေ မနားတမ်းလုပ်ပြနေခဲ့တယ်။အဲ့လိုနဲ့ စိတ္တဇဒွန်ကို မနီလာမြိုစင်ထရယ်အကျဉ်းထောင်ကနေ သီးသန်းတစ်ကျွန်းထောင်ဖြစ်တဲ့ဆန်ဖာဘီယန်အကျဉ်းထောင်ကို လွှပြောင်းထိိန်းသိမ်းထားခဲ့တယ်။အဲ့လိုနဲ့ ဆယ်စုနှစ်တစ်ခုလောက်အကြာမှာ မှုခင်းသိပ္ပံကျောင်းဆင်း အကျဉ်းမှူးအရာရှိအသစ်လေး ဂွန်ဂျဂါကအဲ့ဒီဆန်ဖာဘီယန်အကျဉ်းထောင်ကို တာဝန်ကျခဲ့ပါတယ်။အကျဉ်းမှူးဂွန်ဂျဂါရဲ့ကလေးဘဝမှာတုန်းက သူ့အစ်မကို စိတ္တဇလူသတ်ကောင်တစ်ယောက်သတ်တာကို မေ့မရဘဲ စိတ်ဒဏ်ရာတစ်ခုရှိခဲ့သူပါသူ့အစ်မအသတ်ခံရပြီးနောက်ပိုင်းမှာ “လောကမှာ လူကောင်းနဲ့လူဆိုးနှစ်မျိုးပဲရှိတယ်.. လူကောင်းနဲ့လူဆိုးကြားက တံတိုင်းတစ်ခုအဖြစ် ရပ်တည်မယ်” ဆိုတဲ့ခံယူချက်နဲ့ မှုခင်းသိပ္ပံဘွဲကိုယူပြီးရဲအရာရှိတစ်ယောက်ဖြစ်လာခဲ့သူပါ။ဒီနှစ်ယောက်က ဆန်ဖာဘီယန်မှာတွေ့ကြတဲ့အခါ အတိတ်မှာဖြစ်ခဲ့တဲ့ ဇာတ်လမ်းတစ်ခုကိုပြန်ပြီး တူးဆွမိခဲ့ကြပါတယ်။အဟောင်းတွေ အသစ်ပြန်ဖြစ်လာတဲ့အခါ..တိမ်မြုပ်နေတဲ့ အမှန်တရားတွေ.. အကျင့်ပျက်ခြစားမှုတွေ.. ထောင်တွင်းအကြမ်းဖက်မှုတွေရှိနေတဲ့အကြောင်းတွေကို တစ်ခုပြီးတစ်ခု စုံစမ်းနိုင်ခဲ့တယ်။ ဒီလိုနဲ့ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းမှာ ဘယ်သူအမှန်..ဘယ်သူကအမှားလဲ။ဘယ်သူက လူဆိုး.. ဘယ်သူက လူကောင်းလဲ။ဇာတ်လမ်းစိတ်ဝင်စားဖိုလည်းကောင်းသလို.. ဝမ်းနည်းဖွယ်ရာဇာတ်ဝင်ခန်းတွေလည်းပါပါတယ်။လူကောင်းနဲ့လူဆိုးဆိုတာကိုဘာတွေနဲ့သတ်မှတ်ကြတာလဲ။ဘယ်ပေတံတွေနဲ့တိုင်းတာကြတာလဲ။ကောင်းမယ်ထင်ပြီး လုပ်လိုက်တဲ့အရာတစ်ခုက လွဲချော်သွားခဲ့ရင်ရော ဆိုးတဲ့အရာတစ်ခုအဖြစ်ပြောင်းသွားနိုင်လားအတိတ်မှာမကောင်းခဲ့ဘူးဆိုတာနဲ့ပဲ.. နောင်တစ်ချိန်မှာရော လူကောင်းတစ်ယောက်မဖြစ်နိုင်တော့ဘူးတဲ့လား..။