ရစ်ချက်ဘလိန်နီဟာ လေတပ်အရာရှိဟောင်း အိမ်ထောင်ကွဲတစ်ယောက်ဖြစ်ပြီးဘဝကိုပေတေစုတ်ပြတ်စွာ ဖြတ်သန်းရင်း ဘုံဆိုင်တစ်ခုမှာ အလုပ်ဝင်လုပ်နေရာကသူနဲ့အမြင်မကြည်တဲ့ ဆိုင်မန်နေဂျာကအားတိုင်း ရှက်ကီခိုးထု ပစ္စည်းတွေခိုးပါတယ်ဆိုပြီးသောက်မြင်ကပ်ပုဒ်မနဲ့ ကွိုင်ရှာလို့ မန်နေဂျာနဲ့ စကားများပြီး အလုပ်ကထွက်လာခဲ့ပါတယ်။သွားစရာ စားစရာလည်းမရှိလို့ သူငယ်ချင်းတစ်ယောက်အကြံပေးတဲ့အတိုင်းကွာရှင်းထားတဲ့ မိန်းမဆီကို အပူကပ်ခဲ့ရပါတယ်။ မိန်းမဖြစ်သူကတော့ကြင်ဖက်ရှာဖွေရေး အေဂျင်စီထောင်ထားပြီး အတော်လေးအောင်မြင်နေတဲ့ အမျိုးသမီးဖြစ်နေပါတယ်။ငမူးရစ်ချက် ဘလိန်နီကတော့ မူမူးရူးရူးနဲ့ အပြောမဆိုတတ် အော်ကြီးဟစ်ကျယ်မိန်းမဖြစ်သူကို ပြောလို့ဆိုလို့ပေါ့။ သူတို့ လန်ဒန်မြို့မှာပဲ နက်ခ်တိုင်လူသတ်သမားဆိုတဲ့လူကိုသဲလွန်စတောင် မရှာနိုင်သေးလို့ရဲတွေခေါင်းကြိမ်းနေရဆဲပါ။ မိန်းမဖြစ်သူ ညစာလိုက်ကျွေးပြီးအပြန်အများသုံးပေါချောင်မကောင်း အဆောင်တစ်ခုမှာ တည်းခဲ့ရပါသေးတယ်။နောက်နေ့ မိန်းမဖြစ်သူဆီ ပြန်သွားတဲ့အချိန်မှာရုံးတံခါးမဖွင့်ပေးတာကြောင့်ပြန်လာခဲ့လိုက်ပါတယ်။ မိန်းမဖြစ်သူကတော့ နက်ခ်တိုင်လူသတ်သမားလက်ချက်နဲ့ဘဝကူးသွားပြီဖြစ်ပါတယ်။ အဲဒီလို အခင်းဖြစ်ရာကနေ ထွက်သွားတာကိုတွေ့လိုက်တဲ့အတွက်အချောင်နေရင်း ဘလိန်နီဟာ သံသယရှိတရားခံဖြစ်လာရာက ဇာတ်ရှိန်စမြင့်လာတာဖြစ်ပါတယ်။တချို့ လူသတ်ကားတွေမှာ ဘယ်သူက လူသတ်သမားဆိုတာပဟေဠိဆန်ဆန်ရှာဖွေတာကိုကြည့်ရတာဖြစ်ပေမဲ့ ဒီလိုဇာတ်လမ်းမျိုးမှာတော့ လူသတ်သမားကိုချပြပြီးဆိုပေမဲ့ ဇာတ်လိုက် မင်းသားကို လူသတ်သမားအဖြစ်စွဲချက်ကနေဘယ်လိုဖော်ထုတ်သက်သေပြရမလဲဆိုတာ ကြည့်ရမှာပါ။ထွက်တာ အတော်ကြာခဲ့တဲ့ကားဖြစ်တယ်ဆိုပေမဲ့သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်အပေါ် ပီပြင်စွာ သရုပ်ဆောင်နိုင်မှုတို့နဲ့ ဇာတ်လမ်းတွေဟာကြည့်လေပိုကောင်းလေ ဖြစ်လာပါတယ်။Thriller မှာ ဆရာဆိုတဲ့ ဒါရိုက်တာ Alfred Hitchcock ရဲ့ လက်ရာဖြစ်တာကြောင့်ကြည့်ကိုကြည့်လိုက်ပါလို့ အကြံပေးချင်ပါတယ်။