တာရီဟာ ဆင်ဂယ်မိခင်တစ်ယောက်ဖြစ်ပြီး ဟာနစ်ဖ်နဲ့ဘီယန်းဆိုတဲ့ သားနဲ့သမီးဖြစ်သူတို့နဲ့အတူနေထိုင်ပါတယ်။သူ့မှာအလုပ်အကိုင်မယ်မယ်ရရမရှိလေလွင့်နေတဲ့ ကဒါးဆိုတဲ့မောင်တစ်ယောက်ရှိပြီးတစ်ရက်တော့ သူတို့ရဲ့မွေးရပ်အိမ်ကြီးမှာ မိခင်ဖြစ်သူ အသည်းအသန်ဖြစ်နေပြီဆိုတဲ့သတင်းစကားကြောင့် အိမ်ပြန်ဖို့ဖြစ်လာပါတော့တယ်။သူတို့ရဲ့မိခင်ဖြစ်သူဟာ သူတို့မောင်နှမနှစ်ယောက်ကိုငယ်စဉ်ကတည်းက အိမ်ပေါ်ကနှင်ချခဲ့တဲ့အတွက် တာရီက မိခင်ကိုအမြင်မကြည်ပါဘူး။ဒါပေမယ့်လည်း သူတို့ပြန်ရောက်ပြီးမကြာခင်မှာပဲ သူတို့ရဲ့မိခင်ဖြစ်သူဟာ ထူးဆန်းစွာသေဆုံးသွားခဲ့တဲ့အတွက်ရက်မလည်မချင်းနေရဖို့ဖြစ်လာခဲ့သလို ၊ သူ့အမေသေဆုံးချိန်ကစလို့ တစ်ယောက်ချင်းစီဟာ ထူးခြားတဲ့ဖြစ်စဉ်တွေနဲ့အခြောက်အလှန့်တွေခံလာရပါတယ်။အခြောက်အလှန့်တွေဟာတစ်ရက်ထက်တစ်ရက်ပိုကြမ်းတမ်းလာခဲ့ပြီး သူတို့ရဲ့မိခင်ဖြစ်သူတစ္ဆေကပါ သူတို့ကိုကြုံတိုင်း ထွက်သွား လို့ပြောနေတဲ့အတွက် အိမ်ကနေအမြန်ထွက်သွားဖို့ကြိုးစားကြပေမယ့် အခြေအနေတွေကသူတို့ထွက်သွားဖို့မဖြစ်နိုင်အောင် တွန်းပို့ကြပါတော့တယ်။ယုံကြည်မှုဓလေ့အတော်များများမှာရှိကြတဲ့ ခုနှစ်ရက်မပြည့်မချင်း သေသူရဲ့ဝိဉာဉ်ဟာ လှည့်လည်သွားလာနေတယ်ဆိုတဲ့ အချက်ကိုအခြေခံပြီးအောက်လမ်းပညာနဲ့ပေါင်းစပ်ဇာတ်လမ်းဆင်ထားတဲ့ ဟော်ရာကားကောင်းတစ်ကားပါပဲ။