Magical Realismရုပ်ရှင်တွေကို ငါသဘောကျတဲ့အချက်က အရက်စက်ဆုံးဇာတ်လမ်းတွေကိုတောင် စိတ်ဝင်စားစရာအကောင်းဆုံး ဇာတ်လမ်းတွေဖြစ်အောင်လုပ်ပစ်နိုင်တာကိုပေါ့။ Big Fishကတော့ထူးခြားတယ်။ ခါးသီးတဲ့ဇာတ်လမ်းတွေကို လှပတဲ့ပုံပြင်တွေအဖြစ် ပြောင်းလဲပစ်ခဲ့တဲ့ Magical Realismရုပ်ရှင်မျိုးပဲ။ အတ်ဒဝတ်ဘလွန်းဟာ မွေးကင်းစကတည်းကနေ သေတဲ့အထိဖမ်းလို့မမိနိုင်တဲ့ငါးကြီးတစ်ကောင်ကို လိုက်ဖမ်းခဲ့တယ်။ အဲဒီငါးကြီးက ပုံစံအမျိုးမျိုးနဲ့တည်ရှိနေတယ်။ အချစ်တွေ, ကိုယ်ချစ်ရတဲ့သူအတွက် အကောင်းဆုံးလုပ်ပေးချင်ခြင်းတွေ, သူ့အခက်ခဲဆုံးအချိန်တွေဘေးမှာရှိနေပေးစေခြင်းတွေ, သူဖြစ်ချင်တဲ့အရာတိုင်းကို လုပ်ပေးချင်ခြင်းတွေ, အိပ်မက်တွေပေါ့။ အချစ်ဆိုတဲ့အရာကလည်း ငါတို့ထင်သလောက် မရိုးရှင်းတာ, မသန့်ရှင်းတာ, မချိမြိန်တာကိုအနေကြာလာရင်းနဲ့ ငါတို့သိလာတာပါပဲ။ ဒါအမှန်တရားပဲ။ အတ်ဒဝတ်ဘလွန်းက အမှန်တရားက သူ့အချစ်တွေကို ဖုံးလွှမ်းသွားမှာကို ဘယ်တုန်းကမှ မလိုလားခဲ့ဘူး။ အတ်ဒဝတ်ဘလွန်းဟာ တစ်ချိန်လုံး အသိဉာဏ်ထက် ခံစားချက်ကို ဦးစားပေးတဲ့သူဖြစ်ခဲ့တယ်။ ဒီတော့ အတ်ဒဝတ်ဘလွန်းဟာ အချစ်ရဲ့မချိုမြိန်တဲ့ဘက်အခြမ်းတွေကို ပုံပြင်တွေအဖြစ် ပြောင်းလဲပစ်ခဲ့တယ်။ သူဘယ်တော့မှဖမ်းလို့မမိမယ့်ငါးကြီးနောက်ကို တစ်သက်လုံးလိုက်ခဲ့တယ်။ ဒီငါးကြီးနောက်ကို အတ်ဒဝတ်ဘလွန်းဟာ တစ်သက်လုံးလိုက်ခဲ့ရင်း နောက်ဆုံး သူကိုယ်တိုင် အဲဒီငါးကြီးဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ ဒီဟာရဲ့Metaphorက မတူဘူး။ မဖြူစင်မှုတွေနဲ့ရှင်သန်ရင်း အခါခါလောင်ကျွမ်းခြင်းရဲ့ အဆုံးသတ်မှာ အဖြူရောင်ပြာတွေက တကယ်ဖြူနိုင်တယ်လို့ ပြောခဲ့တယ်မလား။ ဒီဇာတ်လမ်းပြာ အတ်ဒဝတ်ဘလွန်းရဲ့အဖြူရောင်ပြာတွေပါပဲ။ ငါ့အဖေလည်း ငါ့ကို အဖြစ်အပျက်တွေမဟုတ်ဘဲ မတူတဲ့ပုံပြင်တွေကို ပြောခဲ့ဖူးတယ်။ သူ့ရဲ့အဖြူရောင်ပြာတွေပေါ့။လူတစ်ယောက်ဟာ ပုံပြင်တစ်ပုဒ်ကို ထပ်ခါထပ်ခါပြောရင်းသူကိုယ်တိုင် အဲဒီပုံပြင်ကို ယုံသွားတဲ့အဖြစ်မျိုး ခင်ဗျားတို့ကြုံဖူးလား။ ကြုံဖူးမှာပါ။ ပုံပြင်တစ်ပုဒ်ကို ထပ်ခါထပ်ခါပြောရင်း သူဟာ အဲဒီပုံပြင်ဖြစ်သွားလိမ့်မယ်။ သူကိုယ်တိုင်တောင် ပြန်ယုံသွားတဲ့ ပုံပြင်ကိုအားလုံးလည်း ယုံသွားကြလိမ့်မယ်။ တစ်ခါတလေကျတော့လည်း အမှန်တရားတွေဆိုတာ နှလုံးသားတွေအတွက်မလိုဘူး။ ပုံပြင်လှလှလေးတွေ , သိပ်လှတဲ့ဇာတ်လမ်းလေးတွေ။ အင်းပေါ့ ခါးသီးတဲ့အတိတ်တွေအကုန်လုံးကို လောင်ကျွမ်းပြီး ကျန်ခဲ့တဲ့ပြာတွေလို လှပတဲ့ပုံပြင်လေးတွေ။ ပုံပြင်တွေဟာ အတိတ်မဟုတ်ဘူး။ ပစ္စုပ္ပန်မဟုတ်ဘူး။ ပုံပြင်တွေဆိုတာ အနာဂတ်အတွက်ပဲ။ ငါတို့အချစ်တွေကိုငါတို့လည်း ပုံပြင်တွေပြောခဲ့တယ်။ ငါတို့အချစ်တွေကို ငါတို့ ပုံပြင်တွေ ဆက်ပြောနေရဦးမယ်။