ဇာတ်ကားနာမည်ကို မြင်ပြီး ကိုရီးယားက နူနားတွေလို့မထင်လိုက်ပါနဲ့ဦး။ Nonnaဆိုတာ အီတလီလို အဘွားလို့ခေါ်တာပါ။ဂျိုးဟာ ငယ်စဉ်ကတည်း အမေနဲ့ အဘွားတို့နဲ့ ကြီးပြင်းလာခဲ့ရပြီး အမေနဲ့ အဘွားတို့ ချက်ကျွေးတဲ့ အီတလီဟင်းလျာတွေဟာ သူ့ရဲ့ soul food တွေဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့ အသက်တွေကြီးလာပြီး ဂျိုးရဲ့အမေဆုံးသွားချိန်မှာဂျိုးဟာ အမေ့ရဲ့အသက်အာမခံပိုက်ဆံတွေကို အရင်းပြုပြီးအီတလီစားသောက်ဆိုင်တစ်ခု ဖွင့်ဖို့ကြိုးစားခဲ့ပါတယ်။သူဖွင့်ချင်တာ သာမန်စားသောက်ဆိုင်မျိုးမဟုတ်ဘဲအီတလီအဘွားတွေကိုယ်တိုင်ချက်ပြုတ်ပေးတဲ့မိသားစုဆန်ဆန်စားသောက်ဆိုင်လေးတစ်ခုပါ။သူ့ရဲ့ရည်ရွယ်ချက်က အကြောင်းအမျိုးမျိုးကြောင့်ချစ်ရတဲ့ မိသားစုဝင်တွေအနားမှာမရှိကြတော့တဲ့သူတွေအတွက် မိသားစုအရသာ၊ အမေ့လက်ရာအဘွားလက်ရာကို ပေးစွမ်းနိုင်မဲ့ စားသောက်ဆိုင်တစ်ခုဖြစ်စေဖို့ပါပဲ။ဒီလိုနဲ့ နီးစပ်ရာ အီတလီ အဘွားတွေနဲ့အတူ အန်နိုတက်ကာမာရီယာဆိုတဲ့ စားသောက်ဆိုင်လေးကိုစတင်ဖွင့်လှစ်ခဲ့ပုံအကြောင်းရိုက်ကူးထားတာပါ။ဒီရုပ်ရှင်က ဖြစ်ရပ်မှန်အပေါ် အခြေတည်ရိုက်ကူးထားတာဖြစ်ပြီး နှလုံးသားကိုပါ နွေးထွေးတဲ့ ခံစားချက်လေးတစ်ခုပေးစွမ်းနိုင်တာမလို့ တစ်ခါလောက်တော့ကြည့်သင့်တဲ့ဇာတ်ကားဖြစ်တယ်လို့ ညွှန်းလိုက်ချင်ပါတယ်။ဒီရုပ်ရှင်လေးကိုကြည့်ပြီးရင်တော့ အမေ့လက်ရာအဘွားလက်ရာ အစားအစာတွေကို တောင့်တမိမှာအသေအချာပါပဲ။