Oskar ဟာ သူရှာထားသမျှ ငွေတွေ မြောက်မြားစွာကို သုံးပြီး Jew လူမျိုး ၁၂၀၀ ခန့်ကို သူ့စက်ရုံမှာ ခိုင်းဖို့ skilled labour တွေအနေနဲ့ German Holocaust ကနေ ကယ်တင်ခဲ့ပုံကို ပြသထားတာဟာလူတစ်ယောက်ရဲ့ အမြင့်မားဆုံးသော အကြင်နာတရားကို မြင်ရတာပဲ ဖြစ်ပါတယ်။သူ့နေရာမှာ ကိုယ်သာဆို ဒီလို အရဲစွန့်ရွေးချယ်နိုင်ပါ့မလား၊ လူထောင်ဂဏန်း အသက် နဲ့ ကိုယ့်စီးပွါးနဲ့ လဲနိုင်တဲ့ ဆုံးဖြတ်ချက်ဟာ ငါ သာဆို ချ နိုင်မလား စတဲ့ မေးခွန်းတွေ အများကြီးမေးဖြစ်စေပါတယ်။Jew လူမျိုး အသက်ကြီးသူတွေကို ခိုင်းမရတော့လို့ ရထားတွဲထဲ ပြွတ်သိပ်တင်ပြီး Auschwitz ကိုပို့ခါနီးမှာတောင် ရထားတွဲမှာ မွန်းကြပ်နေကြသူတွေကို သူက ရေပိုက်တွေနဲ့ ရေတွေထိုးပေးပြီး ရေတိုက်ရှာတဲ့အခန်းတွေ၊ ဂျာမန် စစ်သားငယ်တွေကိုလည်း လာဘ်လာဘ တွေပေးပြီး နောက်တစ်ခါ ဒီလို ရထားထွက်ရင် ဒီလို ရေဖျန်းပေး၊ ရေတိုက်ပေး ဆိုတာလေးတွေဟာ သူ့ရဲ့ကုသိုလ်စိတ်ကို ဘေးကနေကြည့်ရင်း ဒီလို ရေအလှူ လှူဖို့ကို လုပ်နိုင်တာ ဦးနောက်က အကြံဥာဏ်ထွက်တာ နည်းတဲ့ ပါရမီမဟုတ်ဘူး ဆိုပြီး တွေးမိပါတယ်။ သူ့ရဲ့ ကုသိုလ်စိတ်ကြီးမားလွန်းလို့ ဘေးကGoeth တို့တောင် ငိုင်ပြီး ကြည့်နေရတဲ့အထိပါပဲ။ဒါတောင် သူကယ်လိုက်တဲ့ လူ ၁၀၀၀ ကျော်မှာ အမျိုးသမီးနဲ့ ကလေးတွေကို Auschwitz အထိ မှားခေါ်သွားလို့ သူ့မှာ အသည်းအသန် လိုက်ခေါ်ရပါသေးတယ်။မိသားစု တွေ မကွဲရအောင် သေချာ စာရင်းနဲ့ ပြုစုခေါ်တာမို့ ဒီ ရုပ်ရှင်ကို Schindler’s list လို့ ခေါ်တာပါ။နောက်ဆုံးမှာတော့ German စစ်ရှုံးချိန် သူလည်း ထွက်ပြေးရချိန်မှာ သူ့ကို Jew တွေကသူတို့ထဲက ငွေသွားစိုက်ထားတဲ့ သူတစ်ယောက်နဲ့ သွားကို နှုတ် ငွေကို ထုတ်ပြီး လက်စွပ်လေးတစ်ကွင်း လုပ်ပေးလိုက်ပါတယ်။စာတန်းလေးလည်း Hebrew နဲ့ ထွင်းထားပါသေးတယ်။အဓိပ္ပါယ်ကတော့ “Whoever saves one life, saves the world entire.”“ဘဝတစ်ခုကို ကယ်တင်သူဟာ တလောကလုံးကို ကယ်တင်သူပါပဲ” တဲ့။အဲ့ဒီလက်စွပ်လေးကို ရပြီးဝတ်လိုက်ချိန်မှာတော့ Oskar ဟာ ငိုကြွေးပြီး သူ့နောင်တတွေကို ထုတ်ပြောပါတော့တယ်။သူ့မှာ ချမ်းသာခြင်းဆိုတဲ့ ဂုဏ်တွေအတွက် ငွေတွေအလဟဿ သုံးခဲ့မိတယ်။ အခု သူစီးတဲ့ ကားကို သာ မဝယ်ခဲ့ရင် နောက်ထပ် လူ ၁၀ ယောက်လောက် ကယ်လို့ ရနိုင်တယ်။ သူ့ရင်ဘတ်ကရွှေနဲ့လုပ်ထားတဲ့ နာဇီ တံဆိပ်ဟာ လူ နှစ်ယောက် အသက်ကို ကယ်လို့ ရနိုင်သေးတယ်.. ဆိုပြီး ငိုကြွေး ပါတော့တယ်။သူနေ့ရာမှာ ကိုယ်လည်း ဝင်ခံစားကြည့်မိပြီး လူ ၁၂၀၀ ကျော်တောင်ကယ်နိုင်မှတော့ နောက်ထပ် ၁၀ ယောက် ၁၅ ယောက် ထပ်ကယ်နိုင်လည်း ကယ်ဖို့ကိုပဲ ကြိုးစားမိတော့မှာပါပဲ။ သူ့ရဲ့ ယူကျုံးမရခြင်းဟာ ကိုယ့်ကိုလည်း သင်ခန်းစာတွေ အများကြီး ပေးသွားပါတယ်။အသက်တွေ ကယ်နိုင်လျက်နဲ့ အတ္တ နဲ့ ကိုယ့်အတွက်ကို သာယာ ဖို့ သုံးဖြုန်းမိခဲ့တဲ့ Oskar ကို ကြည့်ရင် ကိုယ်လည်း တစ်ကျပ် တစ်ပြားကအစ အကျိုးရှိရှိ လေးနက်စွာ နဲ့ အတ္တဟိတ ပရဟိတ မျှတစွာနဲ့လူဖြစ်ရကျိုးနပ်အောင်၊ လူပိီသအောင် သုံးတတ်ရမှာပါလား ဆိုတာကို ကွက်ကွက်ကွင်းကွင်း ခံစားသင်ယူမိစေပါတော့တယ်။Oskar နေရာကနေပြီး သူ့ရဲ့ နောက်ဆုံးအချိန်တွေကို ကျွန်မ ဝင်ခံစားကြည့်မိပါတယ်။ အသက်တွေ ထောင်ချီ ကယ်တင်နိုင်ခဲ့တဲ့ သူရဲ့ ကုသိုလ်ပါရမီဟာ ဆန်းကျယ်လိုက်တာ၊ သေခါနီးမှာ ပီတိ တွေ ဘယ်လောက် ဖြစ်ရပြီး လူဖြစ်ရကျိုးနပ်၊ လူပီသပြီးသေပျော်ရမှာပဲ လို့ကို တွေးပြီး သင်ယူမိပါတယ်။Goeth ကတော့ နောက်ဆုံး ကြိုးပေးချိန်အထိ Hail ဟစ်တလာ အော်ပြီးခေါင်းမာမာနဲ့သေသွားတာကို ပြသွားပါသေးတယ်။ သေချိန်အထိ ခေါင်းမာသွားခွင့်သာရှိပြီး မိုက်မဲခြင်းကနေ ရုန်းမထွက်လိုက်နိုင်အောင်ကို လူသတ်ကွင်းမှာတင် ရှင်သန်ရတဲ့ ဘဝ မျိုးဟာလည်း ဝဋ်ကြွေးကြီးတာပဲ လို့သံဝေဂ ရမိပါတယ်။ကိုယ်တွေလည်း လူသာ မသတ်တာ၊ နောင်တ ရသင့်တဲ့အချိန် မရ၊ ပြုပြင်သင့်တဲ့ အခွင့်အရေးရှိလည်း ခေါင်းမာမာနဲ့ “ငါ” ဆိုတဲ့ မာန်ပိုက်ပြီး မိုက်မဲနေတာတွေ ဘယ်လောက်တောင် များလိုက်သလဲတစ်ကားလုံး ဟာကွက်မကျန် အကုန်ကောင်းပြီး နဲ့ ဇာတ်သိမ်းခါနီးရောက်တော့ မျက်ရည်ဖြိုင်ဖြိုင်ကျပြီး ဝမ်းသာ ဝမ်းနည်း တွေ အများကြီး ဖြစ်ရပါတယ်။နောက်ဆုံး ရုပ်ရှင်ပြီးလို့ ဇာတ်သိမ်းတော့ ဒီရုပ်ရှင် ကောင်းလိုက်တာ၊ ငါ ဒီနေ့ ကြည့်ရတာ တန်လိုက်တာ၊ ဒါရိုက်တာ ဘယ်သူများပါလိမ့်၊ Steven Spielberg လက်ရာများလားလို့ စာတန်းထိုးကိုစောင့်ကြည့်ခါမှ ဒါရိုက်တာက Steven Spielberg ဖြစ်နေတာ တွေ့လိုက်ရတော့ ဝမ်းတွေသာ ကျေနပ်အားရလိုက်တာ ပြောမနေပါနဲ့တော့…အားလုံးအတွက် ခွန်အား၊ သတ္တိ နဲ့ ပညာ တွေ အများကြီး ရစေတဲ့ ရုပ်ရှင်ကားကောင်းလေးမို့ အခုလို မျှဝေလိုက်ရပါတယ်။ရသ ထက် တစ်ဘဝ စာကို နောင်တကင်းကင်းနဲ့ နေနိုင်အောင် သင်ပေးတဲ့ ကမ္ဘာမှာ ကျန်ရစ်မယ့် ရုပ်ရှင်မျိုးမို့ ကြည့်ဖြစ်အောင် ကြည့်သင့်တယ်လို့ လည်း ပြောချင်ပါတယ်။