Fréwaka FHD

Fréwaka

Horror FHD 2025-04-25 7.3 103 Min

Creepy ဖြစ်တဲ့ ဟော်ရာကားမျိုးကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ သူတွေအတွက် ဇာတ်ကားလေးတစ်ခုနဲ့မိတ်ဆက်ပေးပါ့မယ်။ဇာတ်ကားရဲ့ အလင်းအမှောင်အနေအထား၊ အသံ၊ရိုက်ကွင်းရိုက်ကွက်တွေက Horror ဇာတ်ကားကောင်းတစ်ခု ပီသပြီးတော့ တစ်ရာဖိုး သုံးပုဒ်ခပ်ပေါပေါ ဇာတ်ကားမျိုး မဟုတ်ပါဘူး။ငယ်ဘဝ ထရာမာ စိတ်ဒဏ်ရာတွေ …ဘာသာရေး အမှောင်ကျမှုတွေကိုဖော်ညွှန်းထားတဲ့ဒီဇာတ်ကားက အိုင်ယာလန်နိုင်ငံမှာ ရိုက်ကူးထားတဲ့အိုင်းရစ်စကားပြော ဇာတ်လမ်းပါ။ဇာတ်ကားရဲ့ နာမည်က အိုင်ယာလန် ဘာသာစကားနဲ့ဖြစ်ပြီး “ဇစ်မြစ်/အမြစ်”ဆိုတဲ့အဓိပ္ပါယ်ရပါတယ်။ဒီဇာတ်ကားမှာ သက်ကြီးရွယ်အို ကူညီစောင့်ရှောက်ရေးအေဂျင်စီမှာ လုပ်ကိုင်တဲ့ “သျှူဘန်း (ခ) သျှူး” ဆိုတဲ့အမျိုးသမီး တစ်ယောက်ဟာ သူမရဲ့ မိခင် သူ့ကိုယ်သူဆွဲကြိုးချသေဆုံးပြီးနောက် ကျန်ရစ်ခဲ့တဲ့ အခန်းကိုရှင်းလင်းရေး လုပ်ဖို့ သူမရဲ့ ဇနီး မီလာနဲ့အတူရောက်လာခဲ့ပါတယ်။ လေဖြတ်သွားတဲ့ သက်ကြီးရွယ်အို တစ်ဦးကို ကူညီစောင့်ရှောက်ပေးဖို့အတွက်အလုပ်မက်ဆေ့ကရောက်လာခဲ့လို့ ရှင်းလင်းရေးမပြီးခင်မှာပဲ သွားခဲ့ပါတယ်။ တစ်ကယ်တမ်းကျတော့သျှူးရဲ့ အေဂျင်စီက သူမကို မိသားစုနာရေးရှိလို့ခွင့်ရက်ပေးထားပြီးတော့ လုံးဝ အလုပ်အပ်ခဲ့တာမဟုတ်ပါဘူး။ဟိုကိုရောက်တဲ့အခါမှာ သူကြည့်ရှုပေးရမယ့် အဖွားကြီးဟာ အိမ်မှာ တစ်ယောက်တည်းနေထိုင်ပြီးတော့ လေဖြတ်ရုံတင်မက သူငယ်ပြန်ချင်သလို ဖြစ်နေပြီး စကားတွေ တောင်စဉ် ရေရာမရပြောတဲ့သူဖြစ်နေတာပါ။ အဖွားကြီးရဲ့ နောက်ကြောင်းနဲ့ဒီအိမ်ကြီးရဲ့ ခြောက်ခြားဖွယ် သမိုင်းကြောင်းတွေကဘယ်လိုဆက်စပ်မှု ရှိနေလဲ…သူမကို အေဂျင်စီ အယောင်ဆောင်ပြီး အလုပ်ပေးခဲ့တဲ့သူတွေကရောဘယ်သူတွေလဲ…။သျှူးနဲ့ ဒီအိမ်က ဘယ်လိုတွေ ပတ်သတ်မှုရှိနေလို့ရောက်လာခဲ့တာလဲ ဆိုတာကိုတော့…..။ ( ဒီကားအကြောင်းနဲ့ ဆက်စပ်ပြီး အိုင်ယာလန်နိုင်ငံရဲ့သမိုင်းကြောင်း တစ်ချို့ကိုပြောပြချင်ပါတယ်။အိုင်ယာလန်နိုင်ငံမှာ ကတ်သလစ်ဘာသာဟာနိုင်ငံရေး နယ်ပယ်မှာပါ အကြီးအကျယ် လွှမ်းမိုးချုပ်ကိုင် ပါဝင်ပတ်သတ်ခဲ့တဲ့ အချိန်တုန်းက မဂ္ဂဒလန်အဝတ်လျှော်ရုံတွေဖွင့်ပြီးနိုင်ငံတွင်းက “Fallen Women”လို့ ခေါ်ဆိုခဲ့ကြတဲ့ ပြည့်တန်ဆာ လုပ်ဖူးတဲ့အမျိုးသမီးငယ်တွေ..လင်ကောင်မပေါ်ဘဲ ကလေးမွေးခဲ့တဲ့ အမျိုးသမီးတွေ..ဒုက္ခိတ မသန်စွမ်း စိတ်မနှံ့သူ အမျိုးသမီးတွေရာဇဝတ်မှု ကျူးလွန်ခဲ့ဖူးသူ အမျိုးသမီးတွေ…စသူတို့ကို လုပ်ကိုင်စေခဲ့ပါတယ်။ ကြီးကြပ်တွေ အနေနဲ့ဘုရားကျောင်းတွေက စစ်စတာတွေ လုပ်ကိုင်ခဲ့တာပါ။ကနဦးက ဒီလုပ်ငန်းကို အမျိုးသမီးငယ်တွေပြန်လည်ထူထောင်ရေး ခုံလှုံရာ နေရာအဖြစ် စတည်ထောင်ခဲ့ပေမယ့် နောက်ပိုင်းမှာ အဓမ္မ ဖိအားပေး ခိုင်းစေမှုတွေ..လုပ်ခလစာ မရတဲ့အပြင် ဘာသာရေး ခေါင်းစဉ် ဗန်းပြပြီးဖိနှိပ်ချုပ်ချယ်မှုတွေလုပ်ရုံတင်မက ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေကြောင့် အိုင်ယာလန်နိုင်ငံရဲ့ ကတ်သလစ် ဘာသာရေး သမိုင်းကြောင်းမှာအမည်းစက် ထင်ကျန်နေခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်ဒတ်ဘလင်မြို့တော်က နောက်ဆုံး အဝတ်လျှော်ရုံဟာ၁၉၉၆ ကမှ ပိတ်သိမ်းခဲ့တာပါ။ )