ဟာသအချစ်ကားကောင်းကောင်းလေးတွေ ကြိုက်နှစ်သက်သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ ဗြိတိသျှဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့Marching Powderဖြစ်ပြီး လက်ရှိ IMDb Rating 5.5 အထိရရှိထားပါတယ်။ရိုင်းစိုင်းတဲ့စကားလုံးတွေကို ပျစ်ပျစ်နှစ်နှစ် ရှယ်သုံးထားပြီးမူးယစ်ဆေးသုံးတဲ့အခန်းတွေကိုလည်း မှိုလိုပေါက်အောင်ရိုက်ကူးထားတဲ့အတွက်ကလေးသူငယ်တွေကြည့်ဖို့အတွက်တော့ မသင့်တော်ပါဘူး။ဒါပေမယ့် ဒီလိုအပေါ်ယံ ဆိုးသွမ်းမှုတွေကိုဖယ်ပြီးနှလုံးသားနဲ့ရှုစားလိုက်မယ်ဆိုရင်တော့ကြည်နူးစရာကောင်းတဲ့ဇာတ်ကားလေးဖြစ်တဲ့အတွက်အသစ်အဆန်းတွေမြည်းစမ်းချင်သူတွေကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်ယနေ့ခေတ်အိမ်ထောင်ဦးစီးအမျိုးသားတွေကိုကြည့်လိုက်မယ်ဆိုရင် လူပျိုလူလွတ်ဘ၀တုန်းက ဘယ်လောက်ပဲဆိုးခဲ့ဆိုးခဲ့ သားနဲ့မယားနဲ့ဖြစ်လာပြီဆိုရင်ပြောင်းလဲပြီးလိမ္မာတဲ့အားကိုးရတဲ့ခင်ပွန်းကောင်းဖခင်ကောင်းတွေဖြစ်သွားတတ်ကြတာများပါတယ်။ဒါပေမယ့်လည်း အရင်တုန်းကဆိုးခဲ့ပြီး သားနဲ့မယားနဲ့ဖြစ်လာမှပိုဆိုးလာတယ်ဆိုတဲ့ ယောက်ျားတွေကလည်းရှိနေပါသေးတယ်။အဲ့ဒီထဲမှာဒီကားရဲ့မင်းသားဖြစ်တဲ့ဂျက်ခ်ဆိုတဲ့လူလည်းထိပ်ဆုံးကပါဝင်နေပါတယ်။သူက မွေးကတည်းက ကိုကိန်းဆိုတဲ့စကားကိုစပြောလာခဲ့ပြီးကြီးပြင်းလာခဲ့တဲ့တစ်လျှောက်မှာလည်းလက်ဖျားခါလောက်အောင်ဆိုးသွမ်းတဲ့လူတစ်ယောက်ဖြစ်ခဲ့ပါတယ်။အခုဒန်နီဆိုတဲ့မိန်းမနဲ့ ဂျေဂျေဆိုတဲ့သားလေးရထားတာတောင်သူ့မှာနဂိုဗီဇကမပျောက်ဘဲဆေးချလိုက် ရန်ဖြစ်လိုက်နဲ့ဖြတ်သန်းနေတဲ့အခါမှာတော့မလွှဲသာမရှောင်သာ တရားရုံးနဲ့ရင်ဆိုင်လိုက်ရပါတော့တယ်။အဲ့ဒီအခါမှာတော့ သူ့မိန်းမနဲ့ကလေးကို ဆုံးရှုံးရမဲ့အပြင်ထောင်ကျဖို့ပါနီးလာတဲ့အခါမှာတော့ သူ့ဘ၀တစ်လျှောက်လုံးဆိုးလာခဲ့သမျှတွေကိုပြုပြင်ပြီး လူသစ်တစ်ယောက်အဖြစ်နဲ့ဘ၀ကိုရှေ့ဆက်သွားနိုင်ပါ့မလားဆိုတာကို ရှုစားရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။