ဒီတစ်ခါတော့ မိဘရှိသူတိုင်း သားသမီးရှိသူတိုင်း ကြည့်သင့်တဲ့ မိသားစု-ဒရာမာ အင်ဒိုနီးရှားဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးပါရစေ။‘ခလုတ်ထိမှအမိတ’ ဆိုသလိုပဲ လူတော်တော်များများကအရေးမကြုံရင် မိဘကိုမေ့နေတတ်ကြပါတယ်။ ရှိနေတုန်း တန်ဖိုးထားဖို့ မေ့လျော့နေတတ်ကြပါတယ်။ အခုဇာတ်လမ်းလေးကလည်း မိဘနဲ့သားသမီးတွေကြားမှာ ဖြစ်တတ်တဲ့အဲဒီသဘာ၀ကိုရိုးရိုးလေးရိုက်ကူးပြသထားတာပါ…။ရာမီဟာ ချစ်ခင်ပွန်းရယ် သားသမီးလေးယောက်ရယ်နဲ့ ပျော်စရာမိသားစုဘ၀လေးကို ပိုင်ဆိုင်ထားသူပါ။ ဒါပေမဲ့ လောကဓံရဲ့မမြဲခြင်းတရားက သူတို့ရဲ့မိသားစုဘ၀လေးကို ရိုက်ခတ်သွားခဲ့ပါတယ်။တစ်နေ့တော့ ခင်ပွန်းသည်ရုတ်တရက်ကွယ်လွန်ပြီး ရာမီ့ကိုခွဲခွာသွားပါတယ်။ အရွယ်ရောက်နေတဲ့ သားသမီးတွေကလည်း အလုပ်အသီးသီးနဲ့ ရာမီ့ကိုထပ်မံခွဲခွာသွားခဲ့ပြန်ပါတယ်။ဒီလိုနဲ့ အမေ့မွေးနေ့ကိုတောင်မေ့နေကြတဲ့ သားသမီးလေးယောက်နဲ့ အထီးကျန်နေတဲ့ ရာမီတို့ ဘယ်လိုရှေ့ဆက်စခန်းသွားကြမလဲ၊ ဘယ်လိုမိသားစုပြဿနာတွေ ကြုံတွေ့ရဦးမလဲဆိုတာ ကြည့်ကြရမှာဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးထဲကအတိုင်း အသက်အရွယ်ရလာတဲ့ မိအိုဖအိုတွေရဲ့အထီးကျန်မှုကို ကိုယ်တိုင်မိဘနေရာရောက်သွားရင်ဆိုတဲ့ ကိုယ်ချင်းစာနာစိတ်နဲ့ ခံစားနားလည်ပေးရင်းကြည့်ရှုခံစားလိုက်ကြပါဦး။