ဇာတ်လမ်းအကျဉ်းကတော့ ဖာသာဟာပါဟာ အဖော်ဘုန်းတော်ကြီးတစ်ယောက်နဲ့ အတူ အပနှင်နေရင်း မတော်တဆမှုဖြစ်ပြီးအဖော်ဘုန်းတော်ကြီး သေဆုံးသွားခဲ့ပါတယ်။အပနှင်ဘုန်းတော်ကြီးတွေသေဆုံးမှု များပြားလာတဲ့အတွက်ကြောင့်စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီး နတ်ဆိုးနှင်တာကို လတ်တလောတားမြစ်ထားလိုက်ကြတဲ့အချိန် စိတ်ဓာတ်ကျနေတဲ့ ဖာသာဟာပါတစ်ယောက် သူ့ရဲ့ ဇာတိဖြစ်တဲ့မြို့ငယ်လေးကို ပြန်လာခဲ့ပါတယ်။ရောက်ပြီး မကြာခင်မှာပဲ တံတားပေါ်က ခုန်ချသတ်သေသူတစ်ဦးကိုတွေ့လိုက်ရလို့ လှမ်းအော် တားမြစ်ပေမယ့် မမီတော့ပါဘူး။ဒါပေမယ့် ငုံ့ကြည့်တဲ့အခါ ဘယ်သူမှရှိမနေပြန်ပါဘူး။သူတွေ့ခဲ့တဲ့သူက တခြားမဟုတ်ပါဘူး သူငယ်စဉ်ကတည်းက သေဆုံးသွားပြီးဖြစ်တဲ့ သူ့ဖခင်ပါ။ သေဆုံးတာ နှစ်ပေါင်းများစွာ ကြာလှပြီဖြစ်တဲ့ သူ့ရဲ့အဖေက အိမ်ကိုရောက်လာချိန်မှာတော့ဖာသာဟာပါအနေနဲ့ မေးခွန်းထုတ်စရာတွေ အများကြီး ဖြစ်လာပါတော့တယ်။ ( ဒီဇာတ်လမ်းမှာ ပေးချင်တဲ့ မက်ဆေ့အနေနဲ့က အနန္တတန်ခိုးရှင်ဖန်ဆင်းရှင် ဘုရားသခင်က အမှန်တကယ်မကောင်းတဲ့သူတစ်ယောက် ဖြစ်နေခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးစကိုပေးချင်တာပါ။ ယုတ္တိတန်တာ မတန်တာ အသာထား…ကျွန်တော်တို့တွေရဲ့ ယုံကြည်ကိုးစားမှုဆိုတဲ့အရာကိုဘယ်လောက်ထိမေးခွန်းထုတ် ခံနိုင်မလဲ အဲဒီအရာကရောဘယ်လောက်ထိ မှန်ကန်မှု ရှိနိုင်မလဲ။ဒီကမ္ဘာကြီးမှာ ယုံကြည်ကိုးကွယ်မှု ဘာသာပေါင်းလေးထောင်ကျော် ရှိပါတယ်။ ဘာသာဝင်တိုင်းလိုလိုက သူတို့ဘာသာကသာအမှန်အကန်လို့ ယုံကြည်ကြတာပါ။ခေတ်မီတိုးတက်နေတဲ့ ကမ္ဘာကြီး ဖြစ်နေပေမယ့်လည်းအယူဝါဒတွေ ယုံကြည်သက်ဝင်မှုတွေ ရှေးရိုးအစဉ်အလာတွေနဲ့ လွန်ဆွဲနေဆဲဖြစ်တဲ့ လူသားတို့ရဲ့ယုံကြည်မှုတွေရှိနေသရွေ့ ဒီအတွေးတွေကလည်း ရှိနေဦးမှာပါပဲ။ )