အဲလက်စ်ဟာ မွေးချင်းသုံးယောက်တည်းမှာ အငယ်ဆုံးနဲ့ တစ်ဦးတည်းသော သမီးလေးဖြစ်ပြီး သူမအထက်မှာ အစ်ကိုနှစ်ယောက်ရှိပါတယ်။ သူ့အစ်ကိုနှစ်ယောက်လုံးကလည်း အရမ်းတော်ကြပြီးသူ့နေရာနဲ့သူ ပေါက်ပေါက်မြောက်မြောက် ရှိကြတဲ့သူတွေပါ။တစ်ဖက်မှာတော့ အဲလက်စ်ဟာ သူ့အမေရဲ့ ကုမ္မဏီဖြစ်တဲ့ ရို့အလှကုန်မှာပဲ မားကတ်တင်းမန်နေဂျာအနေနဲ့ ပြန်လုပ်ပြီး ကိုယ့်ပန်းတိုင်ကဘာမှန်းမသိ ဖြစ်ချင်တာ ဘာမှန်းမသိတဲ့ ထုံပေပေ သိုးမည်းလေး ဖြစ်လို့နေပါတယ်။ဒီလိုနဲ့ မကြာခင်မှာ သူမရဲ့အမေဟာ ရောဂါနဲ့ ဆုံးပါးသွားခဲ့ပြီး သူတို့မောင်နှမအတွက် သေတမ်းစာမှာအမွေချန်ပေးခဲ့တဲ့အခါမှာ အဲလက်စ်အတွက် ဒီဗွီဒီခွေလေး တစ်ခွေကလွဲရင် ဘာမှ မခွဲပေးခဲ့ပါဘူး။ သူက မခံမရပ်နိုင်ဖြစ် ဒေါသတွေ ထွက်ရပေမဲ့လည်း အိမ်ကိုပြန်လာပြီး အဲခွေလေးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာ သူ့အမေ မသေခင် ရိုက်ကူးထားတဲ့ဗွီဒီယိုလေးကို တွေ့လိုက်ရပါတော့တယ်။သူ့အမေက သူသမီး ဒီလို ဖြစ်ချင်ရာဖြစ် ပျော်ရွှင်မှုမရှိ ဝမ်းနည်းမှုမရှိ ဘဝကို ဖြတ်သန်းနေတာမျိုးမဖြစ်စေချင်ခဲ့ပါဘူး။ ဒါကြောင့် သူမအမေက သူမ ၁၃ နှစ်အရွယ်က ရေးထားခဲ့တဲ့ သူကြီးလာရင် ဖြစ်ချင်တဲ့ ဆုတောင်းစာရင်းလေးကို တွေ့လိုက်ရတဲ့အခါမှာ မသေခင် သမီးအတွက် ဗွီဒီယိုချန်ထားပေးခဲ့ဖို့ တွေးမိသွားပါတော့တယ်။ဒီတော့ အဲလက်စ်ရဲ့အမေဟာ အဲလက်စ် ငယ်ငယ်က ရေးထားခဲ့တဲ့ ဆုတောင်းတွေအတိုင်း အကုန်လိုက်လုပ်ပြီးမှပဲ အမွေရမယ်လို့ ဗွီဒီယိုကနေတစ်ဆင့် မှာကြားခဲ့ပါတယ်။ ဒီတော့ ဘဝကို အလိုက်သင့်မျောပါနေတဲ့ အဲလက်စ်တစ်ယောက် သူငယ်ငယ်ကဖြစ်ချင်ခဲ့တဲ့ ဆုတောင်းစာရင်းအတိုင်း ဘယ်လိုလိုက်လုပ်မလဲ၊ သူ့ရဲ့ အဖြူအမဲလောကကြီးကရော တကယ်ပဲအရောင်အသွေးပြန်စုံလင်လာမှာလားဆိုတာကို ဆွတ်ပျံ့ကြည်နူးဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။