လက်ရှိမှာ ၂၀၂၅ ခုနှစ်အတွက် ၀င်ငွေအကောင်းဆုံး တမီလ်စကားပြောရုပ်ရှင်အဖြစ်ရောစတုတ္ထမြောက်၀င်ငွေအကောင်းဆုံးအိန္ဒိယရုပ်ရှင်အဖြစ်ပါ စံချိန်တင်ထားတဲ့အချစ်-ဒရာမာ-ဟာသဇာတ်လမ်းသစ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။လူတစ်ယောက်တကယ်ပြောင်းလဲချင်ရင် စက္ကန့်ပိုင်းပဲ ကြာတယ်ဆိုတဲ့စကားကိုကြားဖူးမှာပါ။ ဘာမဟုတ်တဲ့ကိစ္စလေးက လူတစ်ယောက်ကိုအကြီးအကျယ်ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီဇာတ်လမ်းထဲမှာလည်း ဒီလိုပါပဲ။ဒီရာဂါဗန်ဆိုတဲ့လူငယ်လေးဟာ ၁၂ တန်းကို ထူးထူးချွန်ချွန်အောင်မြင်ပြီးအင်ဂျင်နီယာကျောင်းကောင်းကောင်းကို ၀င်ခွင့်ရခဲ့ပါတယ်။ဒါပေမဲ့ သူဆုရတဲ့နေ့မှာပဲ သူကြိုက်နေတဲ့သူငယ်ချင်းကောင်မလေးကိုဖွင့်ပြောမိရာကစလို့ သူ့ဘ၀ကြီးလုံး၀ပြောင်းလဲသွားရဖို့ ဖြစ်လာပါတယ်။စာတော်ပြီးလိမ္မာရင် မိန်းကလေးတွေကြိုက်ကြမယ်လို့ အထင်ရှိခဲ့တဲ့လူလိမ္မာလေးရာဂါဗန်တစ်ယောက် သူချစ်တဲ့မိန်းကလေးကကျောင်းကလူဆိုးလူပေကိုမှ ကြိုက်နေတာကို သိသွားပါတယ်။အဲဒီကစလို့ ရာဂါဗန်ဟာ စာတော်တဲ့လူလိမ္မာကျောင်းသားလေးဘ၀ကို တစ်ခန်းရပ်ပစ်လိုက်ပါတယ်။ဒီရာဂါဗန်ဆိုတဲ့နာမည်ကိုလည်း နဂါးလေးလို့ သူ့ကိုယ့်သူပြောင်းမှည့်ပြီးအင်ဂျင်နီယာကျောင်းမှာ ကမ်းကုန်အောင်ဆိုးပါတော့တယ်။သူ့ရဲ့ဆိုးမိုက်မှုတွေကြောင့်ဘွဲ့ရခါနီးမှ ကျောင်းတန်းလန်းနဲ့ဟိုမရောက်ဒီမရောက် ဖြစ်သွားပါတယ်။ ဘွဲ့မရ အလုပ်မရှိနဲ့ဘ၀ကိုအချိန်ဖြုန်းလေလွင့်နေပေမဲ့ မိဘတွေကိုတော့အလုပ်ရှိသယောင် လုပ်ဇာတ်ခင်းထားတာပါ။ဒီလိုနဲ့တစ်နေ့တော့ ၆ နှစ်ကြာအောင် သူ့ရဲ့ဆိုးမိုက်မှုဒဏ်ကိုသည်းခံပေးလာတဲ့ ချစ်သူမိန်းကလေးကပါ သူ့ကို ထားသွားဖို့အကြောင်းဖန်လာတဲ့အခါ…လေလွင့်နေတဲ့ ရာဂါဗန်တစ်ယောက် နောင်တရလာမှာလား၊သူ့ဘ၀ပြောင်းလဲလာပါဦးမလား၊ သူ့မိဘတွေနဲ့ရောဘယ်လိုရှေ့ဆက်စခန်းသွားမလဲဆိုတာကို အချစ်နဲ့ဒရာမာမှာဟာသလေးပါနှောပြီး ကြည့်ကြရမှာ ဖြစ်ပါတယ်။