ဒီတစ်ခါမှာလည်း မိသားစုနဲ့ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မယ့် ၂၀၂၄ ခုနှစ်ထွက် A European Christmas ဆိုတဲ့ ခရစ်စမတ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။တစ်ချိန်တစ်ခါကခရစ်စမတ်ပေါက်ကားတစ်ကားနဲ့နာမည်ကြီးခဲ့တဲ့ ရုပ်ရှင်ဒါရိုက်တာအိုင်ဗီဟာလက်ရှိမှာတော့ ထုတ်လုပ်သူအကြိုက် လူကြည့်များအောင် ရုပ်ရှင်ရိုက်နေရပါတယ်။သူဆက်ရိုက်တဲ့ကားတိုင်းဝေဖန်ခံရပြီး တဖြည်းဖြည်းနာမည်ကျလာတဲ့ အိုင်ဗီဟာထုတ်လုပ်သူအကြိုက်ရုပ်ရှင်ထပ်မရိုက်ပေးနိုင်ရင် သူ့အိပ်မက်ဖြစ်တဲ့ ဒါရိုက်တာအလုပ်ကို စွန့်လွှတ်ရဖို့ဖြစ်လာပါတယ်။လူကြည့်များမယ့်ဇာတ်လမ်းအိုင်ဒီယာကိုစဥ်းစားနေတုန်းသူအောင်မြင်ခဲ့တဲ့ရုပ်ရှင်မှာပါဝင်ခဲ့တဲ့ခေါင်းဆောင်မင်းသားဟန်တာကို ပြန်ခေါ်ရိုက်နိုင်ရင် လူကြိုက်များမှာပဲလို့ စိတ်ကူးမိသွားပါတယ်။ဒီလိုနဲ့ မင်းသားဟောင်းဟန်တာရှိတဲ့ ဆားဘီးယားကိုလိုက်သွားရင်းဆားဘီးယန်းအခြေပြုခရစ်စမတ်ရုပ်ရှင်ရိုက်ကူးဖို့ အိုင်ဒီယာရသွားခဲ့တယ်။အိုင်ဗီနဲ့ဟန်တာတို့နှစ်ယောက် ဆားဘီးယန်းယဥ်ကျေးမှုထုံးတမ်းတွေ အတူလေ့လာရင်းသံယောဇဥ်တွေနက်ရှိုင်းလာခဲ့ပါတယ်။အိုင်ဗီတစ်ယောက် ထုတ်လုပ်သူတွေရဲ့ဖိအားအောက်မှာ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖန်တီးနိုင်ပါ့မလား ။ဟန်တာကိုလည်း သူ့ရုပ်ရှင်မှာပါအောင် နားချနိုင်မှာလား။အလွဲတွေကြားမှာ နှစ်ယောက်သားခံစားချက်တွေကိုဝန်ခံသွားကြပါ့မလားဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ဒါ့အပြင် ဆားဘီးယားရဲ့ ယဥ်ကျေးမှုရာဇဝင်နဲ့ ရင်သပ်ရှုမောဖွယ်ရှုခင်းအလှတွေကိုမျက်စိပသာဒဖြစ်ဖွယ် ကြည့်ရှုခံစားရမှာပါ။ရုပ်ရှင်ဒါရိုက်တာအိုင်ဗီအဖြစ် ကက်ပရစ်ဘောရက်နဲ့ မင်းသားနေရာမှာဖစ်လစ်ဘွိုက်တို့ကအသီးသီးပါဝင်သရုပ်ဆောင်ထားကြပါတယ်။