ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့အလယ်ခေတ်နှောင်းပိုင်း Action အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်…ဒီဇာတ်ကားလေးမှာဆိုရင် ၁၄ ရာစုက ဥရောပသားတို့ရဲ့အားကြီးသူအနိုင်ယူတဲ့ ဘဝပုံရိပ်ကို ဒဏ္ဍာရီသူရဲကောင်းWilhelm Tell ရဲ့ ဘဝဇာတ်ကြောင်းနဲ့အတူ တင်ဆက်ပြသထားပြီး အလယ်ခေတ်နှောင်းပိုင်းပုံရိပ်တွေကိုနှစ်ခြိုက်ဖွယ်ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်…Wilhelm Tell ဟာ ဂျေရုစလင်တိုက်ပွဲကနေ ပြန်လာပြီးအမဲလိုက်သမားဘဝနဲ့ ရိုးရိုးကုပ်ကုပ်မိသားစုတစ်စုကိုထူထောင်ထားသူစစ်ပြန်တစ်ယောက်ဖြစ်ပါတယ်…စစ်ပွဲရဲ့အနိဋ္ဌာရုံတွေကို မမြင်ချင်မတွေ့ချင်တော့လို့ ဆွစ်ဇာလန်တောင်ကြားထဲမှာ မိသားစုနဲ့အတူ ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနေသူတစ်ယောက်ဟာ ဘုရားသခင်ကိုလည်းယုံကြည်သူဖြစ်ပြီး သူတစ်ပါးကိုပါ ကူညီတတ်သူဖြစ်ပါတယ်ထိုသို့နေထိုင်ရင်း အခွန်တော်ကောက်တစ်ယောက်အားသတ်ဖြတ်ခဲ့သူကိုမုန်တိုင်းထန်နေတဲ့ကန်ရေပြင်ကိုဖြတ်ကာကူညီပေးဖို့ ဖြစ်လာခဲ့ရာမှာလည်း ဘုရားသခင်ရဲ့လမ်းစဉ်ကိုလိုက်နာသူဖြစ်တဲ့ Tell ဟာ မုန်တိုင်းထန်နေတဲ့ ရေကန်ထဲကိုအကြောက်အလန့်မရှိဖြတ်ကူပေးပါတယ်…တစ်ဖက်မှာလည်း ၎င်းကူညီပေးခဲ့သူ သတ်ဖြတ်ခဲ့တဲ့ အခွန်တော်ကောက်ဟာ တန်ခိုးထားနေတဲ့ ဩစတြီးယားဘုရင့်လူဖြစ်တာကြောင့်ဘုရင်ဟာ အမျက်ရှလျက် တရားခံကို ဖမ်းဆီးပြီးသူ့သိက္ခာကိုဆယ်ဖို့ မြို့စားဖြစ်သူကို စေခိုင်းခဲ့ပါတယ်…ထိုမြို့စားဟာ ရက်စက်ကြမ်းကြုတ်သူပီပီ တရားခံကိုမမိမချင်းဆွစ်ဇာလန်ရွာမှန်သမျှကို လိုက်လံရှင်းလင်း မီးရှို့ဖျက်ဆီးပြီးအာဏာပြရာမှာတော့မူလက လူမျိုးစုပြဿနာများကြောင့်အချင်းချင်းမသင့်မြတ်ကြသူ ဆွစ်ဇာလန်လူမျိုစုများအချင်းချင်းသွေးစီးကာ ဩစတြီးယားရဲ့ အုပ်ချုပ်မှုကို စုပေါင်းတွန်းလှန်ကြဖို့အကြောင်းဖန်တီးလာပြီးဩစတြီးယားစစ်တပ်များကို တိုက်ခိုက်ဖို့ပြင်ဆင်ကြရာမှာတော့…ဒီကားလေးမှာဆိုရင် ၁၄ ရာစုရဲ့ ဆွစ်ဇာလန်မျိုးချစ် ဒဏ္ဍာရီသူရဲကောင်း လေးသည်တော် Wilhelm Tell အကြောင်းကိုအံဩဆန်းကြယ်စွာရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး ရင်သပ်ရှုမောဖွယ်တောတောင်ရေမြေတွေကိုနောက်ခံပြုကာ စစ်ဘုရင်တို့ရဲ့လက်အောက်က မြို့များရွာများရဲ့နှိပ်စက်ကလူပြုကျင့်ခံရမှုတို့ကိုရသမြောက်တင်ပြထားတာဖြစ်လို့ အလယ်ခေတ်ရုပ်ရှင်ကြိုက်သူပရိသတ်များမြည်းစမ်းကြည့်သင့်တဲ့ဇာတ်ကားလေးဖြစ်ကြောင်းညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ…..