The Pass: Last Days of the Samurai HD

The Pass: Last Days of the Samurai

Drama History HD 2022-06-17 7.1 114 Min

ဂျပန်နိုင်ငံရဲ့ အဲဒိုးခေတ် (၁၆၀၃-၁၈၆၈) ကို အုပ်ချုပ်ခဲ့တဲ့ တိုကုဂါဝါရှိုးဂန်းရဲ့ ၁၅ ယောက်မြောက်နဲ့ နောက်ဆုံးသောရှိုးဂန်းဖြစ်သူ တိုကုဂါဝါရောရှိနိုဘုက သူ့အာဏာကို ဂျပန်ဧကရာဇ်မင်းမြတ်ဆီ ၁၈၆၇ခုနှစ်မှာ ပြန်လွှဲပြောင်းပေးလိုက်ပါတယ်။ အဲဒီအကျိုးဆက်က ဧကရာဇ်တပ်ဖွဲ့ (ဂျပန်အနောက်ပိုင်း) နဲ့ ရှိုးဂန်းတပ်ဖွဲ့ (ဂျပန်အရှေ့ပိုင်း) ဆိုပြီး နှစ်ဖွဲ့ခွဲသွားလို့ ၁၈၆၈ ခုနှစ်မှာ ဖြစ်လာခဲ့တဲ့ Battle of TobaFushimi (တိုဘဘူရှိမီတိုက်ပွဲ) က ပြည်တွင်းစစ်လို့ပြောနိုင်တဲ့ Boshin War (ဘိုရှင်းစစ်ပွဲ (၁၈၆၈-၁၈၆၉)) ကို စတင်စေခဲ့ပါတယ်။အဲဒီအချိန်ကာလမှာ အဲချိဂို့စီရင်စု (Echigo Province) မှာရှိတဲ့နာဂါအိုကာနယ်မြေ (Nagaoka Domain) ကို မာကီနိုမျိုးနွယ်စု (Makino Clan) ရဲ့ မာကီနိုတာဒါယူကီ (၁၈၂၄-၁၈၇၈) က အပိုင်စားအုပ်ချုပ်နေခဲ့တယ်။ ထိုမာကီနိုနယ်စားလက်အောက်က ကာရို (Karo)ရာထူးနဲ့ အမှုထမ်းနေတဲ့ ကာဝါအီ ဆုဂိနိုဆုကဲ (Kawai Tsuginosuke – 1827~1868) လို့ခေါ်တဲ့ ဆာမူရိုင်းတစ်ယောက်ရှိတယ်။ကာရို ဆိုတာက အင်္ဂလိပ်ဆို “Chief Retainer” ဒါမှမဟုတ် “Daimyo’sMinister” ဖြစ်ပြီး ဝီကီပီဒီးယားထဲမှာတော့ အဆင့်မြင့်ဆာမူရိုင်းအရာရှိများ ဒါမှမဟုတ် နယ်စားရဲ့အကြံပေးပုဂ္ဂိုလ်လို့ ပြောထားပါတယ်။ ဟာတာမိုတို (Hatamoto) ထက်တော့အဆင့်နည်းနည်းနိမ့်ပါတယ်။ ကာရိုမှာလည်း အဆင့်အမျိုးမျိုးနဲ့ခေါ်နည်းမျိုးစုံရှိပါသေးတယ်။ကာဝါအီ ဆုဂိနိုဆုကဲက သူ့နယ်မြေထဲက ပြည်သူတွေကို မထိခိုက်စေချင်လို့ ဘယ်တပ်ဖွဲ့ထဲကိုမှ မပါဘဲ ကြားနေအဖြစ် ရပ်တည်မယ်လို့တွေးထားတဲ့ ဆာမူရိုင်းတစ်ယောက်ပါ။ နောက်ပြီးဆာမူရိုင်းခေတ်မှာ စစ်ပွဲတွေ တိုက်ပွဲတွေဆိုတာ ပုံမှန်ဖြစ်ကြပေမဲ့ အဲဒါကအဖြေမဟုတ်တဲ့အပြင် ပြည်သူတွေပဲ ထိခိုက်စေနိုင်တယ်၊ ဂျပန်ပြည်ကြီးကို နောက်ထပ် ဘာစစ်ပွဲမှမဖြစ်စေချင်ဘဲအဘက်ဘက်မှာ အကောင်းဆုံး တိုးတက်စေချင်တယ်ဆိုတဲ့ အတွေးအခေါ်ကို လက်ကိုင်ထားပြီး ဆုဂိနိုဆုကဲက ဆာဆုမချောရှုးမဟာမိတ် (Satsuma-Choshu Alliance) ပါဝင်တဲ့ဧကရာဇ်ဘက်တော်သားတပ်ဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းခဲ့ပေမဲ့ မအောင်မြင်ခဲ့လို့ နောက်ဆုံးမှာတော့ စစ်မှန်တဲ့ဆာမူရိုင်းတစ်ယောက်အနေနဲ့ သူယူထားတဲ့တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ပြီးတပ်ဖွဲ့အင်အားများပြားလှတဲ့ ဧကရာဇ်ဘက်တော်သားတပ်ဖွဲ့ကို သူ့နာဂါအိုကာနယ်မြေကနေ ရင်ဆိုင်ပါတော့တယ်။ဒီဇာတ်ကားက ဘာကူမာဆုကာလ (Bakumatsu Period) အတွင်းမှာအခြေခံထားတယ်ဆိုပေမဲ့ နာမည်ကြီး ရှင်းဆန်းဂူမိ (Shinsengumi) တော့ ပါဝင်လာမှာမဟုတ်ပါဘူး။ နာဂါအိုကာနယ်မြေလေးကို အုပ်ချုပ်နေတဲ့ မာကီနိုမျိုးနွယ်စု နယ်စားလက်အောက်က ကာရို“ကာဝါအီ ဆုဂိနိုဆုကဲ” ရဲ့ နောက်ဆုံးနေ့ရက်တွေ အထူးသဖြင့် ၁၈၆၈ ခုနှစ်နောက်ပိုင်းကာလက သူရှင်သန်လှုပ်ရှားခဲ့တဲ့နေ့ရက်တွေကို ပြထားပြီး သူခံယူထားတဲ့ နိုင်ငံရေးသဘောထားတွေ၊ ပြည်သူတွေကိုစစ်ပွဲကြောင့် မထိခိုက်စေချင်တဲ့ သူ့စိတ်ဓာတ်၊ ဂျပန်ပြည်ကြီးကို လူငယ်တွေလက်ထဲ စိတ်ချလက်ချအပ်ထားခဲ့ချင်တဲ့ သူ့ဆန္ဒ၊ သူ့ဇနီးအပေါ် ချစ်တတ်မှု၊ တိုက်ပွဲအတွင်း သူ့စွမ်းဆောင်ရည်တွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။လက်တွေ့ပြင်ပမှာ တကယ်ရှိခဲ့တဲ့ ကာဝါအီ ဆုဂိနိုဆုကဲ နေရာမှာ သရုပ်ဆောင်တဲ့သူကတော့ Perfect Days (2023) မှာ အိမ်သာသန့်ရှင်းရေးသမားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ဂျပန်ရဲ့ ဂန္ထဝင်မင်းသားကြီး Koji Yakusho ပဲဖြစ်ပါတယ်။ နောက်ပြီး Takako Matsu, Kyoko Kagawa, Min Tanaka, Hidetaka Yoshioka အစရှိတဲ့ ဝါရင့်သရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။ThePass: Last Days of the Samurai ဇာတ်ကားကို ဒါရိုက်တာ Takashi Koizumi က Ryotaro Shiba (1923~1996) ရဲ့ ဝတ္ထုရှည် “Touge (1968)” ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။တစ်လက်စတည်းပြောရရင် သူ့ဝတ္ထုရှည်နောက်တစ်ပုဒ်ဖြစ်တဲ့ “Moeyo Ken (1964)” လည်း “Baragaki: Unbroken Samurai (2021)” ဆိုတဲ့နာမည်နဲ့ ရိုက်ကူးထားပါတယ်။ အဲဒီကားကတော့ CM မှာဘာသာပြန်တင်ဆက်ပြီးသားဖြစ်ပါတယ်။ Shinsengumi ရဲ့ဒုခေါင်းဆောင် Hijikata Toshizo (1835~1869) အကြောင်းကို ရိုက်ကူးထားတဲ့ Baragaki: Unbroken Samurai ကတော့ ဒီဇာတ်ကားထက်ပိုမြိုင်၊ ပိုသွက်လက်တယ်ဆိုတာ ကြည့်ပြီးသူတိုင်းသိကြမှာပါ။အဲဒီလိုပြောလိုက်လို့ ဒီဇာတ်ကားက ပျင်းစရာကြီးပေါ့ဆိုပြီး မတွေးလိုက်ပါနဲ့။ တူညီတဲ့ခေတ်ကာလအတွင်းမှာ အတူတူရှိနေခဲ့တဲ့Shinsengumi အကြောင်းအပြင် ကိုယ်မသိသေးတဲ့ တစ်ခြားသော ဆာမူရိုင်းတွေရဲ့ စိတ်နေသဘောထားတွေ၊ ရာထူးအဆင့်အတန်းတွေ၊ စွမ်းဆောင်ရည်တွေ၊ တာဝန်ယူမှုတွေ၊ ဆုံးဖြတ်ချက်တွေကိုကာဝါအီဆုဂိနိုဆုကဲလို့ခေါ်တဲ့ ဆာမူရိုင်းတစ်ယောက်ဆီကနေ တစ်စိတ်တစ်ပိုင်း စိတ်ဝင်တစား မြင်တွေ့ရမှာဖြစ်ပါတယ်။