အမျိုးသမီးများအပေါ်မှာလိင်အကြမ်းဖက်ခြင်းဆိုတာက တစ်ကမ္ဘာလုံးကနိုင်ငံတိုင်းမှာကြုံတွေ့နေရတဲ့ ဟိုးအရင်ခေတ်ကတည်းကနေ အခုလိုတိုးတက်ဖွံ့ဖြိုးတဲ့ခေတ်ကြီးအထိရောက်တဲ့တိုင်အောင် ဖြေရှင်းလို့မရနိုင်သေးတဲ့ပြဿနာတစ်ခုဖြစ်နေပါသေးတယ်။အဲ့ဒီလိုအကြမ်းဖက်မှုတွေကိုခံစားရတဲ့အမျိုးသမီးတွေရဲ့ခံစားချက်တွေသူတို့ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေနဲ့ ဒါကြီးကိုတွန်းလှန်ပြီးရှေ့ဆက်နိုင်ဖို့အတွက်ခွန်အားပေးပြီးရိုက်ကူးထားတဲ့ 2024ခုနှစ်တုန်းကထွက်ရှိထားတဲ့ အင်ဒိုနီးရှားဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Women From Rote Islandဖြစ်ပြီး လက်ရှိ IMDb Rating 6.8အထိရရှိထားပါတယ်။ဇာတ်လမ်းအစမှာတော့ အောပါဆိုတဲ့အမျိုးသမီးရဲ့ခင်ပွန်းဆုံးပါးသွားတဲ့အတွက် ဈာပနလုပ်ဖို့အချိန်တန်နေပေမဲ့ တစ်နယ်တစ်ကျေးမှာအလုပ်သွားလုပ်နေတဲ့ သမီးကြီး မာသာအိမ်ကိုပြန်မလာသေးတာကြောင့်တစ်ပတ်ကြာတဲ့အထိရုပ်အလောင်းကြီးကိုမပုပ်သိုးအောင်ထားထားရတဲ့အပြင် အသုဘလာရောက်တဲ့ ရပ်ရွာဆွေမျိုးတွေလည်းရက်တွေကြာလာတော့အခက်တွေ့လို့နေကြပါတော့တယ်။ဒါပေမယ့်သိပ်မကြာခင်မှာပဲ မာသာပြန်ရောက်လာခဲ့ပေမဲ့ အရင်တုန်းကမဖြစ်ခဲ့ဖူးတဲ့စိတ်ဝေဒနာဖြစ်နေခဲ့ပါတော့တယ်ဒါပေမယ့်လည်းဈာပနပွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး အောပါနဲ့ သမီးဖြစ်သူ မာသာဘက်သာတို့နဲ့အတူဒီရွာလေးမှာပဲဆက်နေထိုင်ခဲ့ပါတော့တယ်။ဒါပေမယ့် အိမ်မှာယောက်ျားသားလည်းမရှိတော့တဲ့အောပါတို့အိမ်ကမသမာသူတွေအတွက်မျက်စိကျစရာဖြစ်ပြီး သမီးနှစ်ယောက်လုံး လိင်အကြမ်းဖက်ခံခဲ့ရတဲ့အခါမှာတော့ အမေတစ်ယောက်အနေနဲ့ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာကို ရှုစားရမဲ့ပညာပေး ဒရာမာဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။