အဟောင်းပေမဲ့ရွှေဆိုပြီး 2000 ခုနှစ်များဆီက အချစ်ဇာတ်လမ်းလေးတွေကိုသဘောကျသူတို့အတွက် မင်းသားကြီး Hrithik Roshan ရဲ့အချစ်အမုန်း ရင်သပ်ရှုမောစရာလေးတွေအပြင် အက်ရှင်ပါပါဝင်တဲ့ဇာတ်လမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ဆက်ပနာဟာ မြေအောက်လောကခေါင်းဆောင်ကြီးရဲ့ သမီးချောလေးပါ။အများအမြင်မှာတော့ အဖေနဲ့အစ်ကိုရယ် အစ်ကို့မိန်းမရယ်ရဲ့ စောင့်ရှောက်မှုအောက်မှာအပူအပင်ကင်းစွာကြီးပြင်းလာရတဲ့ မင်းသမီးလေးပေါ့။ဒါပေမဲ့သူ့ဘဝဟာ စာသင်ရင်လည်းအိမ်မှာခေါ်သင်ရ၊ အပြင်ထွက်လည်ပတ်ခွင့်လည်းမရှိတဲ့အပြင်သူ့အဖေတို့ရဲ့ ကလဲ့စားချေသတ်ဖျက်မှုတွေကို မြင်နေကြားနေရတဲ့လှောင်အိမ်ထဲက မင်းသမီးလေး ဖြစ်လို့နေပါတယ်။သူ့ယောက်မဖြစ်သူကို သူဒီဘဝမှာနေမပျော်ကြောင်း၊ ဘယ်လောက်ကြာအောင်နေရမယ်မသိကြောင်းပြောရင် မကြာခင် သူ့ကိုကယ်တင်မယ့်မင်းသားလေးရောက်လာမှာမို့ စိတ်ရှည်ပါဆိုပြီးပဲ နှစ်သိမ့်ခံနေရပါတယ်။သူ့ရဲ့မွန်းကြပ်မှုကနေ ထွက်ပြေးဖို့တစ်နေ့ သူ့ငယ်သူငယ်ချင်းရဲ့ မင်္ဂလာဆောင်ကိုခိုးထွက်လာခဲ့လေရဲ့။ ဖြစ်ချင်တော့ သူ့အဖေရဲ့ရန်သူတော်တွေဆီကလိုက်လံတိုက်ခိုက်ခံရပါတော့တယ်။ အဲဒီအချိန်မှာ ကောလိပ်ကျောင်းသားလေးရိုဟစ်က တွေ့ပြီးကယ်တင်လိုက်ရာကစ သူတို့တွေ့ဆုံခဲ့ပါတယ်။နောက်တစ်နေ့သတင်းစာမှာ ဆက်ပနာအကြောင်းပါလာမှ ရိုဟစ်ဟာသူဘယ်သူဆိုတာသိပြီး တွေ့ဖို့နည်းလမ်းရှာပါတော့တယ်။ဆက်ပနာကတော့ အဲဒီနေ့အဖြစ်အပျက်ပြီးတည်းက အိမ်ထဲကခြေတစ်လှမ်းတောင်မထွက်ဖို့အမိန့်ပေး ပိတ်လှောင်ခံထားရတာပါ။အဲဒီအပြင်သူ့အဖေက သူ့သမီးကို အိမ်ထောင်ပြုပေးပြီးအဝေးပို့ဖို့ပါ စီစဉ်နေပါတော့တယ်။ဒီလိုနဲ့ ရိုဟစ်က နည်းလမ်းစဉ်းစားပြီး သူတို့အိမ်မှာလုပ်တဲ့ဆုတောင်းပွဲမှာ ဒရမ်သမားလေးအနေနဲ့လိုက်ပါသွားလေရဲ့။ရိုဟစ်အနေနဲ့ သူမြင်မြင်ချင်းချစ်မိသွားတဲ့ မင်းသမီးလေးနဲ့ ရှေ့ဆက်နိုင်ပါ့လား၊သူ့အဖေတွေ အစ်ကိုတွေနဲ့ ဘယ်လိုဖြေရှင်းကိုင်တွယ်မလဲ၊ ဆက်ပနာကရောလှောင်အိမ်စံမင်းသမီးလေးဘဝက လွတ်မြောက်ဖို့ဘယ်လိုကြိုးပမ်းအားထုတ်မလဲဆိုတာ ကြည့်ရှုအဖြေထုတ်ပေးကြပါဦး။