Papillon HD

Papillon

Crime Drama HD 1973-12-16 7.84 151 Min

‘’လောကဓံ၏ ဖိနှိပ်မှုအောက် ငါရောက်နေ၏။ သို့သော် ငါကား တုန်လှုပ်ငိုကြွေးခြင်း အလျဉ်းမရှိချေတကား’’ဒီလိုပြောင်မြောက်တဲ့ invictus ကဗျာစုထဲက စာသားတွေကို သတိရမိစေမယ့် ရုပ်ရှင်ကတော့ ၁၉၇၃ မှာထွက်ခဲ့တဲ့ Papillon (ပါပီလွန်) ရုပ်ရှင်ပဲ ဖြစ်ပါလိမ့်မယ်။ ဒီရုပ်ရှင်ထဲမှာ ပါပီလွန်ဟာကံတရားကနေရက်စက်စွာ ရိုက်ပုတ်လို့ ဦးခေါင်းမှာ သွေးချင်းချင်းနီခဲ့လေရဲ့။ ဒါပေမယ့် တကယ်ပဲ ဦးခေါင်းကို မညွတ်ခဲ့။ ကိုယ်မကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် ပြစ်ဒဏ်က တကျွန်း.. တကျွန်းကျမိန့်အတည်ပြုပြီးချိန်မှာ သူ့ဘ၀မှာ ကျောက်ဆောင်နဲ့ရိုက်မိတဲ့ လှေငယ်လို … သို့သော် သူနစ်မြုပ်မသွားလောကဓံလှိုင်းလုံးမှာ ရေဆန်တက်ဖို့ကြိုးစားခဲ့ သူ့အတွက် မမျှတတဲ့ ပြစ်ဒဏ်ကလွတ်မြောက်အောင် ကြံဆကြိုးစားတယ်။ သူ့မှာ ဒေဂါတို့ ဂျူလော့တို့လို ရဲဘော်ရဲဘက်တွေလည်း ရခဲ့တယ်။ကလိန်ကျမှုတွေလည်း ကြုံရတယ်။ ဥပမာ ကျွန်းကထွက်ပြေးမယ့် လှေအတွက် ပိုက်ဆံပေးခိုး၀ယ်ပြီးမှ လှေကသုံးမရအောင် စုတ်ပြတ်သတ်နေတာမျိုး… ဒီပိုက်ဆံဟာလည်းလွယ်လွယ်နဲ့ယူလာနိုင်ခဲ့တာမဟုတ်။ အစောင့်တွေ မသိအောင် စအိုထဲ ဝှက်ယူလာခဲ့ရပါတယ်။အိပ်ချိန်မှာသံခြေကျင်းနဲ့တိရစ္ဆာန်တွေကို ချုပ်ထားသလို အကျဉ်းသားများကို အတွဲလိုက်ခြေထိတ်ခပ်ပြီး အိပ်ရတဲ့ညတွေ … မလူးမလွန့်သာ အမှောင်ခန်းမှာ ပိုးဟပ် ကင်းခြေများ စတာတွေနဲ့ရောပြွန်းပြီးနေခဲ့ရတဲ့ နေရာတွေ … နောက်ဆုံး ဒီပိုးဟပ်တွေ ပိုးကောင်တွေကိုပဲ လိုက်ဖမ်းပြီး စားခဲ့ရတာတွေ… ထောင်ဝါဒါများရဲ့ ဗိုလ်ကျမှုတွေ …စတာ စတာတွေကနေ လွတ်မြောက်အောငသူရုန်းထွက်ပါတယ်။ ပြန်အဖမ်းခံရပါတယ် နှစ်နဲ့ချီတိုက်ပိတ်ခံရပါတယ်။ ဒါပေမယ့် ဒီလောက်ဆိုးရွားတဲ့ လောကဓံရဲ့ ရိုက်ပုတ်မှုမှာ သူဟာ ကြေမွမသွားပါဘူးဒါဟာ ပြင်သစ်ပြည်မှာ တကယ်ပဲ ဖြစ်ပျက်ခဲ့ပါတယ်။ ဒီရုပ်ရှင်ရဲ့ မူရင်းအစ ‘ပါပီလွန်’၀တ္တုဆိုတာဟာ အောန်ရီရှရီရဲ Henri Charrièreဆိုသူရဲ့ ကိုယ်တိုင်ရေး အဖြစ်အပျက်ဖြစ်ပါတယ်။ အပြင်လောကနဲ့ကွဲပြားချက်တချို့ရှိခဲ့သည့်တိုင် ရှရီရဲဟာ သူ မကျူးလွန်တဲ့အမှုအတွက် တကျွန်းပို့ခံရသူ .. ထွက်ပြေးရန် အကြိမ်ကြိမ်ကြိုးစားပြီး အလုံပိတ်ထောင်ဒဏ် အကြိမ်ကြိမ်ခံရသူ နောက်ဆုံး သူ့ဘ၀တခုလုံးကိုခြေမွနေတဲ့ကံကြမ္မာကို ပြောင်းပြန်လှန်နိုင်ခဲ့သူဖြစ်ပါတယ်။Papillon ဟာ ပါပီလွန်လို့ အသံထွက်ပြီး ‘လိပ်ပြာ’လို့ အဓိပ္ပာယ်ရပါတယ်။ ရုပ်ရှင်ထဲက စတိဗ်မက်ကွင်းရင်ဘတ်မှာ လိပ်ပြာပုံ ဆေးမင်ကြောင်ထိုးထားသလို အပြင်လောကရဲ့ ပါပီလွန်ခေါ် ရှရီရဲမှာရှိတဲ့လိပ်ပြာပုံကြောင့် အစွဲပြုခေါ်တာ ဖြစ်ပါတယ်။ မည်သို့ပင် ဆိုစေကာမူ ပါပီလွန်ဇာတ်ကားကို ကြည့်ပြီးချိန်မှာ စဉ်းစားမိတဲ့အရာတခုရှိပါတယ်။ အဲဒါကတော့ အောင်မြင်မှု ကြီးပွားမှုတွေကိုဖန်တီးတည်ဆောက်နိုင်မှသာယောက်ျားကောင်းလို့ ခေါ်နိုင်တာမဟုတ် အဆိုးရွားဆုံး အကြပ်တည်းဆုံးအခြေအနေမှာလည်းလောကဓံရဲ့ ရိုက်ပုတ်မှုတွေမှာ ယိုင်လဲမသွားအောင် ကြံ့ကြံ့ခံနိုင်ခြင်းဟာလည်းယောက်ျားဘသားတို့ရဲ့ လုံ့လစင်စစ်ပဲ ဖြစ်ပါတယ်။