အသက် ၃၂ နှစ်အရွယ် ဆိုင်းတိုအီချိကို (Saito Ichiko) ဟာ မိဘများရဲ့ ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့ ထမင်းဘူးဆိုင်မှာ ကူလည်းမကူညီ၊ တစ်ခြားသူတွေနဲ့လည်း အပြင်ထွက်လျှောက်မလည်၊ အခန်းအောင်းပြီးပေါ့ပေါ့နေ ပေါ့ပေါ့စားနေတဲ့ မိန်းကလေးတစ်ယောက်ပေါ့။ သူ့ညီမဖြစ်တဲ့ အိမ်ထောင်ကွဲ ကလေးအမေ ဖူမီကို (Fumiko) ဟာ ခင်ပွန်းနဲ့ကွာရှင်းပြီး မိဘအိမ်ဆီ ပြန်လည်ရောက်ရှိလာမှ အီချိကိုနဲ့ရန်တကျက်ကျက်ဖြစ်နေလို့ နောက်ဆုံးမှာ အီချိကိုတစ်ယောက် သည်းမခံနိုင်တော့ဘဲ အိမ်ပေါ်ကနေ တစ်ယောက်တည်းနေမယ်လို့ပြောပြီး ဆင်းချသွားတယ်။ ဘယ်အလုပ်မှ မယ်မယ်ရရမလုပ်ဖူးတဲ့အီချိကိုဟာ နေရေးထိုင်ရေးစားရေးသောက်ရေး အဆင်ပြေဖို့ ယန်းတစ်ရာစတိုးဆိုင်မှာ အချိန်ပိုင်းဝင်ရောက်လုပ်ကိုင်ရပါတော့တယ်။ အဲဒီစတိုးဆိုင်နဲ့ သူငှားနေတဲ့တိုက်ခန်းကြားက အသွားအပြန်လမ်းပေါ်မှာလက်ဝှေ့အားကစားရုံတစ်ခုရှိလို့ အဲဒီအရှေ့ရောက်တိုင်း တစ်ယောက်သောအမျိုးသား လက်ဝှေ့လေ့ကျင့်နေတာကို ဘာရယ်မဟုတ် ငေးကြည့်မိနေရာမှ အဲဒီလူနဲ့ မျက်မှန်းတန်းမိပြီး ရင်းနှီးခင်မင်သွားတယ်။အဲဒီကနေစပြီး သူ့ဘဝဟာ ပြန်လည်ကောင်းမွန်သွားမလား ပိုမိုဆိုးဝါးသွားမလားဆိုတာ အီချိကိုကိုယ်တိုင် မှန်းဆမရတော့ပါဘူး။ပြောရရင် ဇာတ်လမ်းတစ်ခုလုံးက အီချိကိုရဲ့ အကျများများအတက်နည်းနည်းဖြစ်တဲ့ ဘဝထဲက တစ်စိတ်တစ်ပိုင်းကို စိတ်ညစ်ဖွယ်၊ စိတ်ပျက်ဖွယ်၊ စိတ်ဆင်းရဲဖွယ်၊ ဟားတိုက်ဖွယ်၊ အားတက်ဖွယ် ထိုင်ကြည့်နေရမှာဖြစ်ပါတယ်။ အစပိုင်းမှာ ဘာမှမလုပ်ချင်၊လူတွေနဲ့လည်းမဆက်ဆံချင်၊ အိမ်တွင်းပုန်းနေတဲ့သူက အကြောင်းတစ်ခုခုကြောင့် အားကစားတစ်ခုခုကိုတွေ့ပြီး စိတ်ပါလက်ပါ ကစားရင်း သူ့ဘဝတစ်ခုလုံးက နည်းနည်းဖြစ်ဖြစ် များများဖြစ်ဖြစ်ပြောင်းလဲသွားနိုင်မလားဆိုတာကို ဇာတ်ကားထဲမှာ ရှုစားလိုက်ကြပါခင်ဗျာ။100 Yen Love ရဲ့ ဇာတ်ဆောင်အမျိုးသမီးဖြစ်တဲ့ “အီချိကို” ကို ပြောင်ပြောင်မြောက်မြောက် သရုပ်ဆောင်ခဲ့တဲ့သူကတော့တစ်ခြားသူမဟုတ်ပါဘူး၊ ၄၇ ကြိမ်မြောက် ဂျပန်အကယ်ဒမီရုပ်ရှင်ဆုပေးပွဲမှာ Monster (2023), Godzilla Minus One (2023) တွေနဲ့ အကောင်းဆုံးသရုပ်ဆောင်မင်းသမီးဆုနဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုတွေကို ရသွားတဲ့ Sakura Ando ပဲဖြစ်ပါတယ်။100 Yen Love ကို ၈၈ ကြိမ်မြောက် အော်စကာဆုပေးပွဲ (၂၀၁၅) မှာ ဂျပန်ဘက်ကနေ အကောင်းဆုံးနိုင်ငံခြားဘာသာစကားပြောရုပ်ရှင်အနေနဲ့ စာရင်းသွင်းဖို့ ရွေးချယ်ခံထားရပေမဲ့ ဆန်ကာတင်မဝင်ခဲ့ပါဘူး။