ဒီ Here ဆိုတဲ့ရုပ်ရှင်ကတော့ “ဒီနေရာ” ဆိုတဲ့အဓိပ္ပာယ်အတိုင်းပဲကင်မရာက နေရာတစ်နေရာတည်းကို Focus ထားပြီး ကမ္ဘာဦးအစကနေလက်ရှိခေတ်ရောက်တဲ့အချိန်ထိ အဲဒီနေရာလေးမှာ ဖြစ်ပျက်ခဲ့သမျှကိုပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းအစကနေ တောက်လျှောက် ကင်မရာကအိမ်တစ်အိမ်ရဲ့ဧည့်ခန်း တစ်နေရာတည်းကိုပဲ ဦးတည်ရိုက်ထားခဲ့ပြီးဇာတ်သိမ်းပိုင်းမှသာ အိမ်ရဲ့အပြင်ဘက်နဲ့ အခြားနေရာတွေကိုခဏတာမြင်ခွင့်ရမှာဖြစ်ပါတယ်။ဒီလိုပြောလိုက်လို့ ပျင်းစရာကြီးနေမှာလို့တော့ မတွေးမိစေချင်ပါဘူး။ဒီတစ်နေရာတည်းကိုပဲ ဦးတည်ရိုက်ထားခဲ့တဲ့အတွက်ကြောင့်အဲဒီတစ်နေရာမှာ ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်တွေကိုဆယ်စုနှစ်၊ရာစုနှစ်နဲ့ချီပြီးတော့ ပြောင်းလဲသွားတာတွေကို မြင်တွေ့ရမှာပါ။ရုပ်ရှင်ဆိုတဲ့အတွက် ဖန်တီးရိုက်ကူးထားတာဖြစ်ပေမဲ့ တကယ့်သမိုင်းကြောင်းအချက်အလက်တွေလည်း ပါဝင်နေခဲ့ပါတယ်ဥပမာဆိုရင် လက်ရှိရိုက်ကူးနေတဲ့အိမ်ရဲ့ မျက်စောင်းထိုးတစ်ဖက်လမ်းကအိမ်ကြီးက မိုးကြိုးလျှပ်စီးဟာ လျှပ်စစ်ဓာတ်တစ်မျိုးဖြစ်တယ်ဆိုတာကို မိုးသည်းကြီးမည်းကြီးထဲ စွန်လွှတ်ရင်းရှာဖွေတွေ့ရှိခဲ့တဲ့ဘန်ဂျမင် ဖရန်ကလင်ရဲ့ တရားမဝင်သား ဝီလီယံဖရန်ကလင် နေထိုင်သွားတဲ့အိမ်ဆိုပြီး ပါပါတယ်။ပြီးတော့လည်း တီဗီရှေ့မှာ ဇိမ်ရှိရှိနဲ့ ထိုင်ကြည့်ဖို့အတွက်ဆိုဖာခုံကို တီထွင်ခဲ့တဲ့သူ…Google မှာရိုက်ရှာလိုက်ရင် အဲဒီ La-Z-Boy အမည်ရတဲ့ဆိုဖာခုံကို တီထွင်ခဲ့တာ မီရှီဂန်က ညီအစ်ကိုနှစ်ယောက်လို့တွေ့ရပေမဲ့ ဒီထဲမှာတော့ ဘီလီဆိုတဲ့ လူကောင်ကြီးကြီးနဲ့တစ်ယောက်က အိမ်မှာ အမြဲတမ်းသူ့ထိုင်ခုံကိုအဆင့်မြှင့်တင်နေခဲ့ပြီးနောက်ဆုံး မီရှီဂန်ကကောင်လေးနှစ်ယောက်ကို ရောင်းလိုက်တယ်ဆိုတာမျိုး ထည့်ရိုက်ပြထားပါတယ်။ဒါတွေအကုန် အမှန်ဟုတ်မဟုတ် ဘယ်သိနိုင်ပါ့မလဲနော်…အဲဒီလို ကိုလိုနီခေတ်နဲ့ခေတ်ဟောင်းကလူတွေအပြင်အဲဒီအိမ်ကြီးကိုဝယ်ပြီး နေထိုင်ခဲ့တဲ့ မစ္စတာနဲ့ မစ္စစ်ယန်းတစ်နည်းအားဖြင့် အဲလ်နဲ့ ရို့စ်တို့လင်မယားရဲ့ သားသမီးတွေထွန်းကားလာပုံ အဲဒီသားသမီးတွေကနေ ထပ်ပြီးမိသားစုတိုးပွားလာပုံတွေနဲ့ အဲဒီလိုတိုးပွားလာတာနဲ့အမျှ ကြုံတွေ့လာရတဲ့လူမှုရေးပြဿနာတွေ၊ မိသားစုဝင်ချင်း ကတောက်ကဆဖြစ်မှုတွေ၊ လင်မယားချင်း အဆင်မပြေမှုတွေနဲ့ ကလေးမွေးရာကအစကျန်းမာရေးချို့ယွင်းပြီးသေတဲ့အထိ အလုံးစုံကို ရိုက်ကူးပြထားတာဖြစ်လို့ A Circle of Life လို့ပြောလည်း မှားမယ်မထင်ပါဘူး။နေ့စဉ်ဘဝ Reality အရှိအတိုင်းကိုမြင်တွေ့ရမှာဖြစ်လို့ကြည့်ရှုသူနဲ့တိုက်ဆိုင်တဲ့ခံစားချက်တွေရှိလာခဲ့ရင်တွေးစရာတွေအများကြီးရစေမယ့် ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။အဲဒီအပြင် နာမည်ကျော်မင်းသားကြီး Tom Hanksပါဝင်ရိုက်ကူးထားတာမို့လို့ ရုပ်ရှင်ကောင်းတစ်ခု ဖြစ်မဖြစ်ဆိုတာကို တွေဝေနေစရာလိုမယ်မထင်ပါဘူး။အဲဒီတော့ ကိုယ့်ရဲ့အားလပ်ချိန်မှာ ရုပ်ရှင်ကောင်းလေးကြည့်ပြီးChill ရင်းတွေးစရာလေးတွေရချင်တယ်ဆိုရင်တော့ဒီရုပ်ရှင်လေးကို Play ခလုတ်နှိပ်လိုက်ပါတော့လို့ ပြောလိုက်ပါရစေ…