ဒီဇာတ်ကားက တကယ့်အဖြစ်အပျက်ရာဇဝင်ကို အခြေခံပြီးရိုက်ကူးထားတာပါ။ဇာတ်ကားရဲ့ အသက်ကတော့ စကားအသုံးအနှုန်းနှင့် Graphic Effect တွေပါ။ စကားအသုံးအနှုန်းတွေ တကယ်အသက်ဝင်ပြီး မာန်ပါလှပါတယ်။ဇာတ်ညွှန်းဆိုတာထက် သမိုင်းက တကယ့်အဖြစ်အပျက်ကိုတော့ အနည်းငယ်ပြောပြချင်ပါတယ်။ဘီစီ ၄၈၀ ခုနှစ် သြဂုတ်လတွင် ပါရှားဘုရင် ဇပ်ဇီး(စ်) (Xerxes) သည် ဂရိပြည်အား တိုက်ခိုက် ရန်အတွက် စစ်သည် နှစ်သိန်း ၊ စစ်သဘောၤတထောင်မျှ ပါဝင်သည့် ဧရာမ တပ် ကြီးနှင့် ချီ၍ လာသည်။ ထိုစဉ်က ဂရိတို့သည် (City state ) မြို့တမြို့ တနိုင်ငံ စံနစ်ဖြင့် သီးခြားစီ ရပ်တည်နေထိုင်လျက် ရှိကြသည်။ သို့သော် တမျိုးနွယ်လုံး၏ ရန်သူ ပါရှန်တို့ စစ် ချီလာပြီ ဆိုသည့် အခါ မြို့နိုင်ငံ အများစုပေါင်း ၍ ခုခံရန် ပြင်ဆင်ကြသည်။ထိုအခါ ဂရိပြည် မြောက်ပိုင်းမှ တောင်ပိုင်းဆီ ထိုးဖောက်လာမည့် ပါရှန်စစ်ကြောင်းကြီး တခုကို စစ်ရေးစစ်ရာ အရ အချက်အချာကျသည့် သာမော်ပီလေး(Thermopylae) တောင်ကြားမှ ပိတ်ဆို့ခုခံရန် တာဝန်သည် စပါတာ မြို့နိုင်ငံခေါင်းဆောင် ဘုရင်လီယွန်နီဒပ်(စ်) နှင့် သူ့စစ်သည် တော်များထံ ကျ ရောက် လာသည်။လီယွန်နီဒပ်(စ်) သည် လူခြောက်ထောင်ပါ တပ်တစ်တပ်ဖြင့် သာမော်ပီလေးမှ ခုခံရန် အသင့် ပြင်သည်။ သူ့တပ်တွင် လူရင်း စပါတာများအပြင် အခြားမြို့ပြ နိုင်ငံများမှ တပ်ဖွဲ့အချို့လည်း ပူးပေါင်းပါဝင်သည်။သာမော်ပီလေးသည် လေးမိုင်ခန့်ရှည်လျားပြီး ကျဉ်းမြောင်းသည့် နေရာများ၌ အကျယ်ပေ ငါးဆယ်မျှသာ ရှိသည့် တောင်ကြားလမ်း စစ်စစ် ဖြစ်သည်။ဘေးတဖက် တချက်စီတွင် အလွန်မြင့်မောက် မတ်စောက်သော တောင်နံရံကြီးများ ကာဆီးနေသည် ဖြစ်ရာ ရန်သူသည် ဒီတောင်ကြားမှ အပ အခြားဝင်စရာ လမ်းမရှိ။ဝင်လာလျှင် လီယွန်နီဒပ်(စ်) ၏တပ်နှင့်ရင်ဆိုင် ရလိမ့်မည်။ သည်တပ်ကို အလုံးစုံချေမှုန်း နိုင် မှ သည်လမ်းက ဖြတ်သန်း၍ ရလိမ့်မည်။သည်တွင် လီယွန်နီဒပ်(စ်)တို့ စပါတာများအကြောင်း အနည်းငယ်ပြောချင်သည်။စပါတာတို့သည် ရဲ ဝံ့စွန့်စားမှုအတွက် အထူးလေ့ကျင့် ထားကြသူများဖြစ်သည်။ အလွန် စည်းကမ်းကြီးသည်။ ခြိုးခြံကျပ်တည်းစွာ စားသောက်နေထိုင်နိုင်သည်။ ကိုယ်ရောစိတ်ပါ ကြံ့ ခိုင်မာကျောသည်။စပါတာ တစ်ယောက် စစ်ထွက်ခါနီးတွင် သူကိုင်ဆောင်ရမည့် ဒိုင်းကြီးကို မိခင်ကိုယ်တိုင် က ယူဆောင်လာပေးလေ့ ရှိသည်။ ပြန်ရင် ဒီဒိုင်းကို ကိုင်ပြီး ပြန်ခဲ့။ မကိုင်နိုင်ရင်လည်း ဒိုင်းပေါ်က ပြန်လာခဲ့ဟု မှာတတ်သည်။စစ်ပွဲမှာ အနိုင်တိုက်ပြီး အသက်ရှင်လျက် အမေ့ထံ ပြန်ခဲ့ပါ။ အကယ်၍ တိုင်းပြည်အတွက် အသက်ပေးခဲ့ရပြီ ဆိုလျှင်လည်း သူ၏ ရုပ်အလောင်းကို ဒိုင်းပေါ်တင်ကာ အတူစစ်ထွက် သည့် ရဲဘော်ရဲဘက်တွေ ထမ်းပိုးပြီး ဂုဏ်သရေ ရှိစွာ ပြန်ရောက်လာတာ မြင်ချင်ပါသည်။ဟု ဆိုလိုခြင်းဖြစ်သည်။ သည်စကားနောက်ကွယ်တွင် အဓိပ္ပါယ်တွေ ကိန်းအောင်းနေသေး သည်။ စစ်မြေမှာ ရန်သူနှင့် ရင်ဆိုင်ရသည့်အခါ သူရဲဘောကြောင်စွာ လက်လွတ်ထွက်ပြေး သည် ။သုံ့ပန်းအဖြစ် အဖမ်းခံရပြီး ကျေးကျွန်ဘဝ ရောက်သွားသည် ။ စတာ မျိုးတွေ မကြားချင်ပါ ဟူသော သဘော။မိခင်တွေပင် အဲသည်လို စိတ်ဓာတ်မျိုးရှိသည့် စပါတာ ။။ထို့ကြောင့် စပါတာ မှန်လျှင် ဓားဒါဏ်ရာ၊ လှံဒါဏ်ရာကို ကျောမှာ မပြချင်။စပါတာတွေ လေ။ ကြည့်စမ်းပါ ။ သူတို့ဒါဏ်ရာတွေ အားလုံး ရှေ့ဘက်မှာတဲ့။ကဗျာစာဆိုတွေက ဖွဲ့ကြသည်။အဲသည်တော့ သာမော်ပီလေးမှာ ဆုံကြသည့်အခါလီယွန်နီဒပ်(စ်) နှင့် သူ့စစ်သည်တွေ တောင်ကြားလမ်း တလျောက် ပိတ်ဆို့ကာ တက် လာသမျှ ရန်သူကို ရင်ဆိုင်ခုခံကြသည်။ ပါရှန်တို့မှာ လူအင်အားအဆမတန် များသော် လည်း တိုက်ရည်ခိုက်ရည်တွင် စပါတာကို လုံးဝ မယှဉ်နိုင်။ နှစ်ရက်လုံးလုံး အကျအဆုံး များ စွာခံကာ အတင်းဝင်တိုက်သော်လည်း ဂရိတပ်ကို မကျော်ဖြတ်နိုင်။တတိယနေ့တွင်မူ လျှို့ဝှက်သည့် တောင်ကျော်လမ်းသေးလမ်းမြောင် တခုကို ဂရိသစ္စာ ဖောက်တဦးက ပြသဖြင့် ရန်သူတို့ဂရိတပ်၏ နောက်ကျောဘက် သို့ရောက်လာကြသည်။