ဒီတစ်ခေါက်မှာတော့မင်းသမီးတစ်ယောက်တည်း ရှယ်ကြမ်းပြမဲ့ပြင်သစ် အက်ရှင်ဇာတ်ကားတစ်ခုကို တင်ဆက်ပေးလိုက်ချင်ပါတယ်။လီဆာဟာ မကြာသေးခင်ကမှ သားဖြစ်သူကိုဆုံးရှုံးထားရတာကြောင့်စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်နေရတဲ့ ပြင်သစ်အကြမ်းဖက်တိုက်ဖျက်ရေးတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးပါ။သူ့ခင်ပွန်းဖြစ်သူ အဲရစ်ဟာလည်း သူ့လို အေးဂျင့်တစ်ဦးဖြစ်တာမို့နိုင်ငံရပ်ခြားမှာ စစ်ဆင်ရေးတွေသွားရောက်ဆောင်ရွက်နေရသူပါ။တစ်နေ့မှာ လီဆာရဲ့ ခင်ပွန်းဖြစ်သူ အဲရစ်ဟာ ဘရာဇီးနိုင်ငံ ရီယိုမြို့ရဲ့ပြင်သစ်သံရုံးရှေ့မှာ သေနတ်နဲ့ ပစ်သတ်တာခံလိုက်ရပါတယ်။သားဖြစ်သူကိုဆုံးရှုံးထားရပြီး တစ်ဦးတည်းသောကျန်တဲ့ ခင်ပွန်းကလည်း အသတ်ခံလိုက်ရတော့ လီဆာလည်း အရူးမီးဝိုင်းသလိုဖြစ်တော့တာပါပဲ။ ဒီလိုနဲ့ သူ့ခင်ပွန်းအတွက်လက်စားချေဖို့ဘရာဇီးကိုလိုက်သွားပြီး တစ်စတစ်စစုံစမ်းရင်းကနေမှ မထင်မှတ်ထားဘဲ လူပေါင်းများစွာကို အသက်အန္တရာယ်ပေးနေတဲ့နောက်ကွယ်ကအမှုကြီးတစ်ခုကို သိရှိသွားရပါတော့တယ်။လီဆာတစ်ယောက်တည်း တစ်ဆင့်ပြီးတစ်ဆင့် ဖော်ထုတ်ရင်းနဲ့နောက်ကွယ်ကကြိုးကိုင်ထားတဲ့ လက်မည်းကြီးကို လက်စားချေဖို့ကြိုးပမ်းပုံကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဒီတော့ အဲရစ်ကဘာကြောင့်သေသွားရတာလဲ၊ အံ့ဩလောက်စရာအမှုကြီးကရော ဘာများဖြစ်မလဲ၊ ဒီကိစ္စကိုဘယ်သူက ကြိုးကိုင်ထားပြီး ဘယ်သူတွေပါဝင်ပတ်သက်နေမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။