အက်ရှင်ကားစောင့်မျှော်နေသူတွေအတွက် အသစ်ထွက်ရှိတဲ့စပိန် ဟာသ အက်ရှင်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။အက်ရှင်နဲ့ဇာတ်လမ်းဇာတ်ကွက်တွေကအရမ်းအကြမ်းကြီးမဟုတ်ပေမဲ့ သူ့ဟာနဲ့သူတော့ အပျင်းပြေကြည့်လို့ကောင်းတဲ့အတွက် နားနားနေနေပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်မှာပါ။ဇာတ်ကားနာမည်ကတော့ Checkmate ဖြစ်ပြီး စပိန်နိုင်ငံကျော်မင်းသားမင်းသမီးတွေပါဝင်သရုပ်ဆောင်ထားပါတယ်။ဒူကဲဆိုတဲ့လူက နိုင်ငံတကာထောက်လှမ်းရေးအေးဂျင့်ဟောင်းတစ်ယောက်ဖြစ်ပြီး တာဝန်ကြောင့်သူ့အစ်ကိုသေဆုံးခဲ့ပြီးနောက်မှာတော့ ရာထူးကနေအနားယူခဲ့ပါတယ်။ဒီလိုနဲ့ ၃ နှစ်ဆိုတဲ့အချိန်တစ်ခုကြာသွားခဲ့ပြီးနောက်မှာတော့ သူ့အစ်ကိုရဲ့သမီးသူ့တူမဟွာနာက သူ့ဆီရောက်လာခဲ့ပါတော့တယ်။ဖြစ်ချင်တော့သူ့တူမရောက်လာတဲ့နေ့မှာပဲ သူ့အိမ်တိုက်ခိုက်ခံခဲ့ရပြီး သိပ်မကြာခင်မှာပဲတူမဖြစ်သူကိုလူဆိုးတွေကဖမ်းဆီးသွားပါတော့တယ်။သူ့တူမကိုပြန်ရွေးဖို့အတွက် ဆီးချိုရောဂါပျောက်တဲ့ဆေးနဲ့ပတ်သတ်တဲ့အချက်အလက်တွေကိုသွားခိုးပြီးလာလဲခိုင်းတဲ့အခါမှာတော့ သူ့ရဲ့အရင်တုန်းကအသိအကျွမ်းအဖွဲ့ဝင်တွေကိုပြန်စုဆောင်းပြီး တူမဖြစ်သူကိုပြန်ရွေးဖို့ကြိုးစားပုံတွေကို အက်ရှင်ဒရာမာ ဟာသစုံစုံလင်လင်နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။