ပိုက်ဆံတစ်ပြားမှမရှိဘဲ မွဲတေနေတဲ့အချိန်မှာ သူဌေးကြီးတစ်ယောက်ကသူသေသွားတဲ့အချိန်မှာ သူ့အလောင်းပေါ်ကစားစရာတွေကိုစားရင်တစ်သက်သုံးမကုန်တဲ့ပိုင်ဆိုင်မှုတွေအားလုံးပေးမယ်လို့ကမ်းလှမ်းလာရင်လက်ခံကြပါ့မလား။လက်ခံမယ်လို့ဖြေမဲ့လူတွေကများပေမဲ့ Spider Manဇာတ်ကားထဲကစကားလုံးကိုငှားသုံးရမယ်ဆိုရင် ကြီးမားတဲ့စွမ်းအားတွေအတွက်ကြီးမားတဲ့တာဝန်တွေယူရပါလိမ့်မယ်။အခုတင်ဆက်ပေးမဲ့ Curse Of The Sin Eater ဆိုတဲ့ဇာတ်ကားထဲမှာလည်းကြီးမားတဲ့စည်းစိမ်ဥစ္စာတွေအတွက် ဘယ်လိုမျိုးကြီးမားတဲ့တာဝန်တွေယူရမယ်ဆိုတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။အထက်မှာပြောခဲ့သလိုပဲ ရစ်ခ်ဆိုတဲ့ကောင်လေးတစ်ယောက်ကမွဲတေနေတဲ့ဆောက်လုပ်ရေးအလုပ်သမားတစ်ယောက်ဖြစ်ပြီးသူငယ်ချင်းအိမ်မှာကပ်နေနေရပါတယ်။ဒါပေမယ့်ကံကြမ္မာကမျက်နှာသာပေးခဲ့တော့ သူဌေးကြီးကကြီးမားတဲ့ကမ်းလှမ်းမှုကြီးကိုကမ်းလှမ်းခဲ့ပြီး တော်တော်စဉ်းစားခဲ့ပြီးနောက်မှာတော့ လက်ခံလိုက်ပါတော့တယ်။ဒီလိုနဲ့သူ့ဘ၀ကဆင်းရဲသားဘ၀ကနေ နေ့ချင်းညချင်းသူဌေးကြီးဖြစ်သွားပြီးသုံးချင်သလိုသုံး ဖြုန်းချင်သလိုဖြုန်း နေချင်သလိုနေလို့ရလာပါတော့တယ်။ဒါပေမယ့်အဲ့ဒါတွေကရေရှည်မခံပဲ ဇာတ်ကားနာမည်အတိုင်း သူကအပြစ်စားသုံးသူတစ်ဦးဖြစ်သွားပြီးကျိန်စာသင့်သွားတဲ့အခါမှာတော့ ဘယ်လိုကြောက်မက်ဖွယ်ကောင်းတဲ့ တာဝန်တွေကိုယူရမလဲဆိုတာကို ထိတ်လန့်စရာကောင်းကောင်းနဲ့ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။