တော်တော်လည်းဟောင်းနေတဲ့ ဟောင်ကောင်ကားပါ။ရှားရှားပါးပါးကြည့်ရတာလို့တောင် ပြောရမယ်။ထူးထူးခြားခြားတော့ မရှိလှတဲ့ ချစ်ခြင်းမေတ္တာတစ်ခုသက်သက်ကိုပဲဖော်ကျူးထားတဲ့ရုပ်ရှင်ပေမဲ့ အဖြူအမည်းနဲ့ ရှေးသရုပ်ဆောင်တွေနဲ့ရှေးကားတစ်ကားရဲ့ ဇာတ်အိမ်မျိုးနဲ့။ ရှေးတော်တော်ကျတဲ့ အာရှရုပ်ရှင်ဟောင်းတစ်ခုကိုကြည့်ရတဲ့အရသာကတော့ ထူးတယ်လို့ပြောရမယ်။ဒီကားက ရှေးတုန်းက မြန်မာကားတွေကို ကြည့်ရတဲ့အရသာနဲ့တောင် ခပ်ဆင်ဆင်တူလိမ့်မယ်။ဒါပေမဲ့ ကြည်ကြည်လင်လင်တော့ ကြည့်ရတာပေါ့။ဇာတ်လမ်းတည်ဆောက်ပုံတို့ဘာတို့ကတော့ချက်ကော့ရဲ့ သေနတ်ကို ပစ်ကိုပစ်ရမယ်ဆိုတဲ့ အယူအတိုင်းပဲ သွားထားတယ်။ဒီလိုမသွားလိုက်ရင်တော့ ဒီရုပ်ရှင်က မတူတဲ့အရသာတစ်ခုတော့ ပေးနိုင်မှာပဲ။အခုဇာတ်လမ်းကတော့ အချစ်ဆိုတဲ့ အသိရအခက်ဆုံးအရာကိုသစ္စာတရားတွေနဲ့ အနစ်နာခံခြင်းတွေနဲ့သက်သက် ဖော်ကျူးသွားတယ်။ဒါပေမဲ့လည်း အချစ်နဲ့စစ်ကပဲ ကဗျာတွေစလာခဲ့သလို အချစ်နဲ့စစ်ကပဲရုပ်ရှင်တွေစလာခဲ့သလို အကြောင်းအရာပေါင်းစုံဆီ မစီးကူးသွားသေးခင်ကျော်ဖြတ်ရတဲ့ကာလတစ်ခုရဲ့ ခေတ်အခါပေါ့။ဒီလိုပုံစံနဲ့ ယုံကြည်ခဲ့ကြတဲ့အချစ်တွေဆီကနေ ပိုနားလည်လာရင်းပိုအသိရခက်လာရင်းဖြစ်လာတဲ့အရာဆိုတာကို တင်ပြလာကြတဲ့အချိန်တစ်ခုမရောက်လာခင် ကျော်ဖြတ်ခဲ့ရတဲ့ မှတ်တိုင်တစ်ခုပေါ့။