သိပ်များများစားစားတော့ ညွှန်းစရာမလိုလောက်ပါဘူး။ဒီတလော ရေပန်းတော်တော်စားနေတဲ့ Maiထဲက မင်းသမီးရိုက်ခဲ့တဲ့ ရုပ်ရှင်ပါ။ဒီထဲလဲ ဆက်တိုက် တော်တော်လေးဇာတ်နာသလို အဆုံးထိဇာတ်နာကောင်းတုန်းပဲ။ဒါရိုက်တာကတော့ ဒီကားက သူ့ပွဲဦးထွက်ကားဖြစ်သလို ထပ်ရိုက်ထားတာလည်း မရှိတော့ ဒါရိုက်တာအကြောင်းပြောဖို့တော့ခက်လိမ့်မယ်။ဒါပေမဲ့ ဒီဒါရိုက်တာက သူ့ဝမ်းစာကို ဂျပန်ရုပ်ရှင်နဲ့ အဓိကဖြည့်ခဲ့တယ်လို့တော့ ထင်တယ်။ဂျပန်မှာ အဓိကဇာတ်အိမ်တည်ထားတာပေမဲ့ ဗီယက်နမ်ဒါရိုက်တာရိုက်တဲ့ကားဆိုတော့ဂျပန်အငွေ့အသက်မပါလောက်ဘူးထင်ထားပေမဲ့ ဂျပန်အငွေ့အသက်တော့ လွှမ်းနေသေးတယ်။ဇာတ်ကတော့ ရိုမန့်ပါးပါးလောက်ပဲပါပြီး အဖေနဲ့ သမီးကြားက သံယောဇဉ်ကို အဓိကထားပြီး တည်ထားတယ်။အားလုံးရဲ့ကွင်းဆက်ကတော့ ဓာတ်ပုံပညာ။ အဖေက ဓာတ်ပုံဆရာ။ဓာတ်ပုံကိုချစ်တဲ့စိတ်ကြောင့် သူ့အဖေနဲ့ သူ့အမေကွဲပြီး သူ့အဖေဂျပန်ကိုရောက်သွားသလို သူကလည်း ဓာတ်ပုံကိုချစ်လာခဲ့တယ်။သူ့အမေဆုံးပြီးနောက် သူ့အဖေကိုရှာဖို့ ဂျပန်ကိုသွားတဲ့အချိန် သူ့အဖေကိုမတွေ့ဘဲဓာတ်ပုံဆရာကောင်လေးတစ်ယောက်နဲ့တွေ့ပြီး ဓာတ်ပုံဆိုင်လေးတစ်ဆိုင်ကိုရောက်လာခဲ့တယ်။အဲဒီကနေမှ သူ့အဖေရဲ့ ဇာတ်ကြောင်းကို သိရဖို့ဖြစ်လာတဲ့အကြောင်းပါပဲ။ဗီယက်နမ်ဒါရိုက်တာနဲ့ ဗီယက်နမ်မင်းသမီးနဲ့ရိုက်တဲ့ကားပေမဲ့ဂျပန်တော်တော်ဆန်တာမို့ ဂျပန်ရိုမန့်ကားပရိသတ်တွေအတွက်လည်း ကြည့်လို့ကောင်းမယ့် ရုပ်ရှင်ပါပဲ။