ဒီတစ်ခါတော့ထူးထူးခြားခြားလေးဖြစ်သွားအောင် မွန်ဂိုးလီးယားရုပ်ရှင်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။မွန်ဂိုးလီးယားဆိုတာနတ်တွေ ဘိုးဘေးဝိညာဉ်တွေကိုအယုံအကြည်ရှိကြတဲ့နိုင်ငံတစ်ခုဖြစ်ပြီး နတ်ဝင်သည်တွေဆိုတာလည်းအခုတင်ဆက်ပေးမဲ့ IMDb Rating 6.7 အထိရရှိထားတဲ့Ser Ser Salhi (City Of Wind) လို့ခေါ်တဲ့ဇာတ်ကားလေးထဲမှာလည်း၁၇ နှစ်အရွယ်နတ်ဝင်သည်လေးတစ်ယောက်နဲ့သူ့ရဲ့စိတ်ဝင်စားစရာကောင်းတဲ့ ဘ၀ဇာတ်ကြောင်းကိုရိုက်ကူးတင်ဆက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဇဲလို့ခေါ်တဲ့အသက် ၁၇ နှစ်အရွယ်နတ်ဝင်သည်လေးက အဖိုးဝိညာဉ်လို့ခေါ်တဲ့ ဝိညာဉ်ကိုအကူအညီတောင်းလာတဲ့အခါမှာဆင့်ခေါ်ပေးရတာဖြစ်ပြီး သူ့မိသားစုအပြင်အိမ်နီးနားချင်းတွေတော်တော်များများကအဲ့လိုအရာတွေကိုယုံကြည်ကြပါတယ်။တခြားအချိန်တွေမှာတော့ ဇဲကသာမန်ကျောင်းသားတစ်ယောက်ဖြစ်ပြီးသူ့ရဲ့ နတ်ဝင်သည်အလုပ်ကြောင့် ကျောင်းမှာစနောက်ခြင်းကိုအမြဲခံနေရပါတယ်။တစ်နေ့မှာတော့ ဇဲရဲ့ကမ္ဘာကြီးကို ပြောင်းလဲသွားစေမဲ့လူတစ်ယောက်နဲ့တွေ့ဆုံခဲ့ရပါတော့တယ်။အဲ့ဒါကတော့မာရာလာလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်ဖြစ်ပြီး ဆယ်ကျော်သက်အရွယ်လူငယ်တွေဆိုတော့မကြာခင်မှာပဲ အိုးချင်းထားအိုးချင်းထိ ကြိုးချင်းထားကြိုးချင်းငြိသွားကြပါတော့တယ်။ဒါပေမယ့်မာရာလာနဲ့တွေ့ပြီးကတည်းကဇဲရဲ့နတ်ခေါ်တဲ့အာရုံတွေက အရင်လိုမကောင်းတော့ပဲအားနည်းနေခဲ့ပါတော့တယ်။တစ်ဖက်မှာ ကြည့်ပြန်ရင်ကျတော့လည်း သူ့ဘ၀ကအရင်နဲ့လုံး၀မတူအောင် ပျော်စရာကောင်းလို့နေခဲ့ပါတယ်။ဒီလိုနဲ့ သူတို့လူငယ်လေးနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းနဲ့ ဇဲရဲ့စိတ်ဝင်စားစရာဘ၀အကြောင်းအပြင် မွန်ဂိုးလီးယားရိုးရာတွေကိုပါတွေ့ရမှာဖြစ်လို့ စိတ်ဝင်စားစရာကောင်းတဲ့ ဒရာမာဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။