ကမ္ဘာ့အကောင်းဆုံး War စစ်ကားတွေလို့ရှာလိုက်ရင် ထိပ်ပိုင်းမှာ အမြဲတွေ့ရမှာကတော့ Apocalypse Now (1979) ရုပ်ရှင်ကားကြီးပါပဲ။ဒီရုပ်ရှင်ဟာ Oscar 8 ဆုထိ ဇကာတင်ဝင်ခဲ့ပြီး ရုပ်ရှင်ဓာတ်ပုံပညာနဲ့ အသံပိုင်းဆိုင်ရာမှာ Oscar 2 ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။The Greatest War film အဖြစ် သတ်မှတ်ကြတဲ့ Apocalypse Now ကို God Fatherရုပ်ရှင်ရဲ့ ဒါရိုက်တာ ဖရန်စစ်ကော်ပိုလာက ရိုက်ထားတဲ့အပြင်God Fatherကြီး မာလွန်ဘရန်ဒိုက Second lead နေရာက သရုပ်ဆောင်ထားပါတယ်။ဒီရုပ်ရှင်ကို တကယ့်စစ်ပွဲကာလအတွင်း ဗီယက်နမ်အနီးက တောတွင်းတစ်နေရာမှာ ရိုက်ကူးခဲ့တာဖြစ်ပြီးခက်ခဲကြမ်းတဲ့ ပတ်ဝန်းကျင်အနေအထားတွေကြောင့် သရုပ်ဆောင်တွေရော ဒါရိုက်တာနဲ့ရိုက်ကူးရေးအဖွဲ့တချို့ပါ သေလုမျောပါးဒဏ်ရာတွေရရှိခဲ့တဲ့အထိ ခက်ခက်ခဲခဲရိုက်ကူးခဲ့ရပါတယ်။ဒါပေမယ့် တကယ့်ဗီယက်နမ်အငွေ့အသက် စစ်ပွဲအငွေ့အသက်တွေနဲ့ တစ်သက်တာအကောင်းဆုံးစစ်ကားကြီးအဖြစ်ဖန်တီးနိုင်ခဲ့ကြပါတယ်။Apocalypse Now (1979) ရုပ်ရှင်ကားကြီးက Theatrical Version, Final Cut Version, Redux Version ဆိုတဲ့ Version ၃ မျိုးလောက်ရှိပြီး ခုကတော့ 4K Final Cut Version နဲ့တင်ဆက်ထားတာဖြစ်ပါတယ်။စစ်ပွဲတစ်ပွဲမှာ ဘာတွေမြင်ရမလဲ။လက်နက်တွေ ပေါက်ကွဲမှုတွေ သေကြေမှုတွေအလောင်းတွေ သွေးတွေ။ ဒီအပေါ်ယံအမြင်တွေအကုန် ဖယ်ကြည့်လိုက်ရင် စစ်ပွဲမှာ ကျွန်တော်တို့အထင်ရှားဆုံးမြင်ရမယ့် အရာက လူ့စိတ်ပါပဲ။ ဒါရိုက်တာဖရန်စစ် ကော်ပိုလာက ဒီအချက်ကို အရဖမ်းသွားတယ်။ဒါကြောင့်ပဲ ဒီရုပ်ရှင်ဟာ စစ်တိုက်ခန်းနည်းနည်းစကားများနေတာများများနဲ့ အကောင်းဆုံးစစ်ကားဖြစ်သွားခဲ့တယ်။ ဒီကားကြည့်ပြီး ခင်ဗျားရူးချင်သွားတယ်ဆိုရင်လည်းမထူးဆန်းဘူး ဒါရိုက်တာရော မင်းသားရော ဒီရုပ်ရှင်ရိုက်နေတုန်းရူးချင်ချင် သေမလိုလိုဖြစ်သွားခဲ့ကြဖူးတယ်။အဓိကပြချင်တာဘာလဲတော့ ကျွန်တော်လည်းမသိဘူး။ယူသလိုပဲရလိမ့်မယ်။ အရူးတွေရိုက်ထားတဲ့ကားဆိုတော့ကြည့်ပြီးရူးသွားလည်း သိပ်တော့အံ့ဩစရာမရှိဘူး။ဒီရုပ်ရှင်ရဲ့ တစ်ချို့ဇာတ်ကွက်တွေအရတော့ ဒါရိုက်တာကိုအမေရိကန်မှဟုတ်ပါလေစလို့ ပြန်ရှာကြည့်လိုက်ရတယ်။ သူရဲဘောကြောင် အနိုင်ကျင့်တတ်တဲ့ တစ်စက်မှသုံးမရတဲ့အမေရိကန်စစ်သားတွေအကြောင်းကို ဒါရိုက်တာကခဏခဏကို ပြသွားတယ်။ ဒီထဲကအမေရိကန်စစ်သားတွေကပုံမှန်မြင်နေကြတွေလို သနားစိတ်အပြည့်နဲ့ လူတော် Greatကြီးတွေမဟုတ်ဘူး။တကယ့်စစ်ပွဲထဲက စစ်သားတွေရဲ့ ကြောက်စိတ်နဲ့တလွဲလုပ်ရပ်တွေ အတော်မြင်ရတယ်။အမေရိကန်တွေနဲ့ သူတို့တိုက်နေတဲ့ဗီယက်နမ်တွေကြားကအမှန်အမှားဆိုတာ ဆပ်ပြာပူဖောင်းလွှာကလေးလိုပါးလျနေတာကို ဒါရိုက်တာက ကောင်းကောင်းကြီးပြသွားတယ်။စစ်ပွဲတစ်ပွဲစပြီဆိုတာနဲ့ လူတွေဟာ လူတွေလို လူသားဆန်မှုတွေပျောက်ဆုံးကုန်တယ်…လူသားစံနှုန်းတွေပျောက်ဆုံးကုန်ပြီး တစ်ဖက်နဲ့တစ်ဖက်တိရိစ္ဆာန်တွေလို သတ်ကုန်ကြတော့တယ်….အမေရိကန်ဟာ ဗီယက်နမ်လိုနေရာမျိုးမှာ စစ်နိုင်ဖို့ဘာမှမခက်ပါဘူး။ ခက်နေတာက လုပ်ချင်သလိုလုပ်ရင်ဖြစ်လာမယ့် ကမ္ဘာ့နိုင်ငံတွေရဲ့ အမြင်ပါပဲ။ကမ္ဘာ့နိုင်ငံရေးမှာတစ်ခါတလေ စစ်ရေးတွေဟာ ထိုးကြွေးခံရတဲ့ နယ်ရုပ်တွေပါပဲ။ကာလ်နယ်ကတ်ဇ်လို စစ်သားတစ်ယောက်ရဲ့အမြင်မှာကျ ဒါတွေက မဖြစ်သင့်တဲ့အရာတွေပဲ။ဒီတော့ သူသူလျှိုလို့ယူဆတဲ့ လူလေးယောက်ကိုအထက်မိန့်မရဘဲ သတ်ပစ်လိုက်တယ်။ဒီလို အမိန့်ဖီဆန်ပြီးတောခိုသွားတဲ့ ကာလ်နယ်ကတ်ဇ်ကို လုပ်ကြံဖို့အထူးတပ်သားတစ်ယောက်ကို ကမ္ဘောဒီးယား ဗီယက်နမ်နယ်စပ်ကိုလွှတ်လိုက်တယ်။ သူ့ဇာတ်အိမ်ကဒီလောက်ပါပဲ။တစ်ခုရှိတာက ခင်ဗျားသာ သေချာစီးမျောပြီးကြည့်မယ်ဆိုရင် အဲ့ဒီခရီးမှာ ခင်ဗျားလည်းပါသွားလိမ့်မယ်။ အပြန်လမ်းမှာတော့ ခင်ဗျားဟာအရင်က ခင်ဗျား ဟုတ်ချင်မှလည်းဟုတ်တော့မယ်။ခင်ဗျားသာ ဒီရုပ်ရှင်အပြီး အမှန်နဲ့အမှားကြားဝေခွဲမရဖြစ်နေခဲ့ရင် ကိုယ့်ရွေးချယ်မှုကိုပဲယုံလိုက်ဖို့ပြောချင်တယ်။ ဒီရုပ်ရှင်ထဲမှာမှမဟုတ်ဘူး။တကယ့်ကမ္ဘာကြီးမှာလည်း အမှန်နဲ့အမှားကြားကမျဉ်းကသိပ်ပါးတယ်။ အမှန်နဲ့အမှားထက် ပိုအရေးကြီးတာကကျွန်တော်တို့ရဲ့ ရွေးချယ်မှုပဲ။ ကာလ်နယ်ကတ်ဇ်ကဒီအကြောင်းကို ကောင်းကောင်းကြီး သဘောပေါက်ခဲ့တယ်။ဝီလ်လတ်ကလည်း သူသိတဲ့အမှန်ကို ကျောခိုင်းပြီးသူလုပ်ရမယ့်အရာကိုလုပ်ခဲ့တယ်။ဒိုင်ယာလော့ထဲမပါတဲ့ ဝီလ်လတ်ရဲ့စကားကိုတော့ကျွန်တော်ကြားနေရတယ်။အရူးတွေကြားမှာ သွားမှန်နေလို့မရဘူး။ သူတို့နဲ့မတူရင်အရူးတွေအတွက် ခင်ဗျားက အရူးဖြစ်သွားလိမ့်မယ်တဲ့